၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆
မန်ချက်စတာယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ ရက်ရှ်ဖိုဒ့်နဲ့ လင်ဂတ်တို့ဟာ ဂျုးမုန်းတီးရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တဲ့အတွက် ဗြိတိန်ဂီတလောကကနေ နှင်ထုတ်ခံထားရသူ ရက်ပ်ပါ ဝီလေနဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့ အပေါ် ပြန်လည်တောင်းပန်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။
ရက်ပ်ပါ ဝီလေ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က Club Blu ဒူဘိုင်းမှာ ဖျော်ဖြေပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖိုဒ့်နဲ့ လင်ဂတ် တို့ဟာ ၎င်းနဲ့အတူ တွဲရိုက်ခဲ့တဲ့ ဓါတ်ပုံထွက်ပေါ်လာပြီးနောက် တောင်းပန်ခဲ့ရတာပါ။ ၎င်းတို့နှစ်ဦးဟာ ဝီလေ ဒါမှမဟုတ် သူ့ရဲ့ ယုံကြည်မှုတွေကိုလည်း မထောက်ခံပါဘူးလို့ ပြန်လည်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့် က “ဒီပုံက အခုနားလည်ထားတဲ့ အကြောင်းအရာ ဆက်စပ်မှုအရရော အလွယ်ကူ အထင်အမြင် လွဲသွားနိုင်ပါတယ်။ဂျုး အသိုင်းအဝိုင်း ဒါမှမဟုတ် အခြားအသိုက်အဝန်းကို ရည်ရွယ်ပြီး ခွဲခြားဆက်ဆံတဲ့ ဘာသာစကား ဒါမှမဟုတ် အပြုအမူတွေကို လုံးဝမလုပ်ဖို့ ပြောချင်ပါတယ်။ ပွဲအတွင်းနဲ့ အပြင်ဘက်မှာ ဂျုး မုန်းတီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုကောင်းတဲ့ အာရုံစိုက်မှုအဆင့်တခုလိုတယ်ဆိုတာကို ကျနော် တကယ် ယုံကြည်ပါတယ်”လို့ သူ့ရဲ့ တွစ်တာမှာရေးသားခဲ့တာပါ။
ရက်ရှ်ဖို့ ဟာ အရင်ကတည်းက လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီး ဆန့်ကျင်လှုပ်ရှားတဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အီတလီနဲ့ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပင်နယ် တီကန်သွင်းရာမှာ လွဲချော်ခဲ့တာကြောင့် လူမျိုးရေးခွဲခြားမှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့် သူ့ရဲ့တုံ့ပြန်မှုတွေ အတွက် ချီးကျုးခံခဲ့ရတာလည်းဖြစ်ပါတယ်။
လင်ဂတ်ကလည်း အဆိုပါပုံနဲ့ပတ်သက်ပြီး “လူမျိုးရေးခွဲခြားမှုပုံစံကို လုံးဝလက်မခံဘူးဆိုတာကို ရှင်းရှင်း လင်းလင်း ပြောချင်ပါတယ်”လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဝီလေ ဟာ ဗြိတိန်နိုင်ငံရဲ့ ဂရီမီ(Grime Artist) အနုပညာရှင်တစ်ဦးဖြစ်ပြီး အွန်လိုင်းမှာ ကိုးကွယ်ယုံကြည်မှုအား ဆန့်ကျင်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေကြောင့် (၂၀၂၀) မှာ ထင်ပေါ်ကျော်ကြားလာသူလည်း ဖြစ်ပါတယ်။ ၎င်းဟာ ဂျုးလူမျိုးတွေကို ဆန့်ကျင်တဲ့ပို့စ်တွေ တင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကလည်း သူ့ရဲ့ တွစ်တာနဲ့ အင်စတာဂရမ် တို့ အပိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Soure: Goal