၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂၆

ကိတ်ဗာဒီနဲ့ ကစားခဲ့တဲ့ အာဖရိကဖလား(၁၆)သင်း အဆင့်ပွဲစဉ်မှာ ဦးခေါင်းထိခိုက်မိပြီး လဲကျသွားခဲ့တဲ့ မာနေးကို လူစားမလဲ ဘဲ ဆက်ပြီး ကစားခိုင်းခဲ့တဲ့ တာဝန်ရှိသူတွေကို ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဆီနီဂေါအသင်း တိုက်စစ်မှူး မာနေးဟာ ကိတ်ဗာဒီနဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ ကိတ်ဗာဒီအသင်း ဂိုးသမား ဗိုဇင်ဟာရဲ့ ခေါင်းနဲ့ ထိခိုက်မိပြီးနောက် စိုးရိမ်စရာ အနေအထားရှိခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ကိတ်ဗာဒီ အသင်း ဂိုးသမား ဗိုဇင်ဟာကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

မာနေး ကတော့ ဆေးကုသမှုခံယူကာ ပွဲကို ဆက်ကစားခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေး သွားခဲ့ပါတယ်။ ဒါပေမယ့် မာနေးဟာ ကွင်းထဲလဲကျသွားခဲ့လို့ လူစားလဲခဲ့ရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။

ဒီပွဲမှာ ဆီနီဂေါ အသင်းဟာ ကိတ်ဗာဒီ အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အာဖရိကဖလား ကွာတားဖိုင်နယ်ကို တက်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဦးခေါင်းထိခိုက်ခဲ့တဲ့ မာနေးကို လူစားမလဲဘဲ ဆက်ကစားစေတဲ့ အပေါ် အလွန် ဒေါသထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။

မာနေးနဲ့ ကိတ်ဗာဒီ ဂိုးသမားတို့ ခေါင်းချင်းတိုက်မိစဉ်။(The Sun)

ဦးခေါင်းထိခိုက်တဲ့ ကစားသမားတွေကို လုပ်ထုံးလုပ်နည်း အရဆိုရင် လူစားလဲရမှာဖြစ်ပေမယ့် ဒီလိုမလုပ်ခဲ့တဲ့ အပေါ်မှာ ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ပရိသတ်တစ်ဦးက “ဒီအဖြစ်အပျက်အပြီးမှာ မာနေးကို ချက်ချင်းကို လူစားလဲရမှာပါ။ ဒါမှမဟုတ်လည်း ချက်ချင်းကြီး ကွင်း ထဲကို ပြန်ဝင်လာခွင့် မပြုသင့်ဘူး”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “မာနေးကို ကစားခွင့်ပေးတာ မယုံနိုင်စရာပါပဲ”လို့ ရေးသားခဲ့သလို တခြားသော ပရိသတ်တွေ ကလည်း “ဒီလိုဖြစ်ပျက်ခဲ့တဲ့ အပြီးမှာ မာနေးကို ချက်ချင်းပဲ လူစားလဲခဲ့သင့်ပေမယ့် ဒါဟာ အာဖရိကဘောလုံးပြိုင်ပွဲလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့ ကျောက်တုံးလိုပဲ ပြုမူဖို့ မျှော်လင့်ထားတယ်လို့”ရေးသားခဲ့တာဖြစ်ပါတယ်။

မာနေးဟာ သူ့ကို စိတ်ပူနေတဲ့ ပရိသတ်တွေကို စိတ်သက်သာရာ ရစေဖို့အတွက် ဆေးရုံပေါ်မှာ ကိတ်ဗာဒီ အသင်းရဲ့ ဂိုးသမား နဲ့ အတူတွဲရိုက်ထားတဲ့ ပုံကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ မာနေးက ပုံနဲ့အတူ “ဆီနီဂေါနဲ့ ကိတ်ဗာဒီတို့ ကွင်းထဲမှာ တင်မဟုတ်ပဲ ဆေးရုံမှာလည်း တွေ့ကြပါပြီ။ အရာအားလုံး အဆင်ပြေပါတယ်။ မက်ဆေ့ချ်တွေ ပေးပို့ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

လီဗာပူးလ် တိုက်စစ်မှူးလည်းဖြစ်တဲ့ မာနေး အနေနဲ့ လက်ရှိ အခြေအနေကြောင့် ဆီနီဂေါအသင်းရဲ့ နောက်ထပ် ကစားမယ့် အာဖရိကဖလားပြိုင်ပွဲ ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖွယ် ရှိ၊မရှိကတော့ သံသယဖြစ်စရာ အနေအထားမှာ ရှိနေတာပါ။ မာနေးဟာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါ အသင်းအတွက် (၂)ဂိုး သွင်းယူထားတာဖြစ်ပြီး ဆီနီဂေါ အသင်းကတော့ ကွာတားဖိုင်နယ်မှာ မာလီနဲ့ ဂူနီယာ တို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail