CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လက်ထောက်နည်းပြ ဦးဘိုဘိုအောင် က အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမယ့် ဗီယက်နမ်နဲ့ ပွဲအတွက် အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။ မြန်မာ အမျိုးသမီးအသင်းဟာ အာရှဖလားအမျိုးသမီးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနဲ့ ဇန်နဝါရီ(၂၄)ရက်က ကစားခဲ့ရာမှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပထမပွဲအဖြစ် ဂျပန်အသင်းနဲ့ ကစားခဲ့ရာမှာလည်း ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ အဲဒါကြောင့် မြန်မာအသင်းဟာ အုပ်စုတွင်း(၂)ပွဲ ကစားအပြီးမှာ (၂)ပွဲလုံး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ(၂၇)ရက်မှာ ဗီယက်နမ် အသင်းနဲ့ ကစားရမှာပါ။ မြန်မာ အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်ပြီး အကောင်းဆုံး အုပ်စုတတိယနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာလည်းဖြစ်ပါတယ်။ မြန်မာအသင်း လက်ထောက်နည်းပြ ဦးဘိုဘိုအောင် က “တောင်ကိုရီးယားနဲ့ပွဲမှာ အကောင်းဆုံးကြိုးစားကစားသွားတဲ့ အသင်းသားတွေကို ကျေးဇူးတင်ပါတယ်။ အမှားတချို့ကနေ ဂိုးပေးခဲ့ရပေမယ့်အသင်းရဲ့ ကစားပုံကို အားရကျေနပ်မိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဦးဘိုဘိုအောင် က “ပထမပွဲဖြစ်တဲ့ ဂျပန်နဲ့ပွဲအပြီးမှာ အသင်းရဲ့အမှားတွေကို သုံးသပ်ပြီး နည်းပြချုပ် ဦးတင်မြင့်အောင်ကလည်း အွန်လိုင်းကနေပြီး အသင်းကို တောက်လျှောက်ညွှန်ကြားပေးခဲ့ပါတယ်။ နောက်ဆုံး ပွဲအတွက် ဖိအားမရှိပါဘူး။ ကျနော်တို့ လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ”လို့ ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၄၇)နေရာမှာ ရပ်တည်နေတဲ့ မြန်မာအမျိုးသမီးအသင်းဟာ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို အရင်က (၄)ကြိမ်ယှဉ်ပြိုင်ထားခဲ့တာဖြစ်ပြီး (၄)ကြိမ်လုံး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ အခုကျင်းပနေတဲ့ ပြိုင်ပွဲရဲ့ အိမ်ရှင် အိန္ဒိယအသင်းကတော့ အသင်းအတွင်းမှာ ကိုဗစ်ကူးစက်မှုတွေမြင့်မားနေတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်တဲ့ အသင်း(၃)သင်းဟာ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။