CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဟာ လာမယ့် (၂၀၂၂-၂၃) ရာသီမတိုင်ခင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ် နိုင်ဖို့ နည်းပြ(၄)ဦးကို ဆန်ကာတင် ရွေးချယ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နိုဝင်ဘာလလယ်ပိုင်းမှာ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် အခုနှစ် ရာသီကုန်တဲ့အထိ ခန့်အပ်ထားတာပါ။

ဂျာမန်လူမျိုး နည်းပြဟာ ရာသီကုန်ချိန်မှာ (၂)နှစ်စာချုပ်နဲ့ အတိုင်ပင်ခံရာထူးကို ရယူသွားမှာဖြစ်ပါတယ်။ ရက်ဂ်နစ်ဟာ အိုးထရက်ဖိုဒ့်မှာ အမြဲတမ်းနည်းပြခန့်အပ်နိုင်ဖို့အတွက် ဘုတ်အဖွဲ့နဲ့အတူ လုပ်ဆောင်နေတာပါ။ ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာလကြာရှည်ပစ်မှတ် ထားခြင်းကို ခံနေရတာဖြစ်ပြီး (၂) ကြိမ်တိုင်တိုင်ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတာဖြစ်ပါတယ်။ အခုခန့်အပ်မယ့် နည်းပြ သစ်စာရင်းမှာလည်း ပိုချက်တီနိုကပဲ ဦးဆောင်နေတာဖြစ်ပြီး သူသာ နွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာ ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူဖို့ ထပ်မံကြိုးစားဖွယ်ရှိနေတာပါ။

အေဂျတ်စ် အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း မန်ချက်စတာကလပ်ရဲ့ နည်းပြဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ကလည်း ဒီရာသီအကုန်မှာ အေဂျတ်စ်အသင်းကနေ ထွက်ခွာပြီး ဥရောပထိပ်တန်း (၅)လိဂ်မှာ သူ့ကိုယ်သူ စမ်းသပ်နိုင်ဖို့ ဆန္ဒရှိနေတာပါ။ အဲရစ်တန်ဟတ်ဟာ အခြားဆန်ကာတင်နည်းပြတွေထက် အတွေ့အကြုံနည်းပါးပေမယ့် ဘောလုံးတိုက်စစ်ကစားပုံနဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်မှုတွေက သူ့အပေါ် ကောင်းမွန်စွာ ထင်ဟပ်နေတာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေပြီး ကလပ်နည်းပြလောကထဲကို ပြန်ဝင်ချင်နေတဲ့ လူးဝစ်အင်းနရစ် လည်း မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေခဲ့တာပါ။ လူးဝစ်အင်းနရစ်ဟာ လာမယ့် ရာသီ အစမှာ ကလပ်အသင်းကို တာဝန်ယူဖို့ စိတ်အားထက်သန်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းကို ဒီဇင်ဘာလအထိ ကိုင်တွယ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ရီးရယ်လ် နည်းပြဟောင်း လိုပီတီဂွီကလည်း ဆန်ကာတင်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပြီး ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တုန်းက ကာလတိုနည်းပြအဖြစ်ခန့်အပ်ဖို့တောင် စဉ်းစားခြင်းခံခဲ့ရပါသေးတယ်။ သူဟာ ရီးရယ်လ်၊ စပိန်နဲ့ ပေါ်တိုအသင်းကိုလည်း ကိုင်တွယ်ခဲ့ပြီး (၂၀၂၀) က ဆီဗီလာအသင်းကို ယူရိုပါလိဂ် ရရှိအောင် ကိုင်တွယ် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Source: Metro