၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

ကင်မရွန်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲရဲ့ အပြင်ဘက်မှာ လူအုပ်စုလိုက်တိုးဝှေ့မှုကြောင့် အနည်းဆုံး လူ(၈)ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ဘီဘီစီ သတင်းက ဖော်ပြထားပါတယ်။

ဘောလုံးပရိသတ်တွေဟာ အားကစားကွင်းထဲကို အတင်းတိုးပြီးဝင်ရောက်ရာမှာ အခုလိုတွေဖြစ်ခဲ့တာလို့ ဗီဒိယို မှတ်တမ်းတွေအရ သိရပါတယ်။ AFP သတင်းဌာနက ရရှိထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ သေဆုံးသွားတဲ့သူတွေထဲမှာ ကလေးတစ်ဦးပါဝင်တယ်လို့ ဖော်ပြထားတာပါ။

ကလေးအများအပြား သတိလစ်သွားခဲ့ကြတယ်လို့လည်း အခြားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ပေါလ် ဘီရ အားကစားကွင်းဟာ ပရိသတ်ခြောက်သောင်းဝင်ဆံ့ပေမယ့် ကိုဗစ်ကန့်သတ်ချက်တွေကြောင့် (၈၀) ရာခိုင် နှုန်းကိုသာ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုဖို့ သတ်မှတ်ထားတာပါ။ ပွဲတာဝန်ရှိသူတွေကတော့ လူပေါင်း(၅) သောင်းခန့်ဟာ ကွင်းအတွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဂျာနယ်လစ် လီယိုကာ ဒီယာ က အားကစားကွင်းအပြင်ဘက်ရှိ ပရိသတ်ဇုန်ဧရိယာမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို သူမ တွေ့ခဲ့ရ တယ်လို့ BBC Newsday အစီအစဉ်ကို ပြောခဲ့ပါတယ်။

“လူတွေက အော်ဟစ်နေကြပါတယ်။ တစ်မိနစ်အကြာမှာ လူနာတင်ယာဉ်က အားကစားကွင်းကို ရောက်ရှိ လာခဲ့ပေမယ့် ရဲတပ်ဖွဲ့က အဲဒီဖြစ်ပျက်ခဲ့တဲ့နေရာကို သွားခွင့်မပြုပါဘူး။ လူတွေက ပွဲသွားကြည့်ကြပြီး အဲဒီမှာ သေဆုံးသွားကြတာဟာ တကယ်ကို စိတ်မကောင်းစရာ အခြေအနေပါပဲလို့ ” သူမက ပြောခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံက အလယ်ပိုင်းဒေသအုပ်ချုပ်ရေးမှူးက အသေအပျောက်ပိုများလာနိုင်တယ်လို့ ပြောခဲ့သလို လူအုပ်စုလိုက်တိုးဝှေ့မှုကြောင့် ဒဏ်ရာရရှိသူ(၄၀)ဦးထက် မနည်းရှိတယ်လို့လည်း အနီးအနားမှာရှိတဲ့ ဆေးရုံ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ သူနာပြု အိုလင်ဂါက ဒဏ်ရာရရှိသူအချို့ဟာ စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေတယ်လို့ AP သတင်းဌာနကို ပြောခဲ့တာပါ။ အာဖရိက ဘောလုံးအဖွဲ့ချုပ်က လက်ရှိအခြေအနေတွေကို စုံးစမ်းစစ်ဆေး နေပြီး အသေးစိတ်သိရဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အိမ်ရှင် ကင်မရွန်းနဲ့ ကိုမိုရို့စ်တို့ ကစားခဲ့တဲ့ အာဖရိကဖလား(၁၆)သင်းအဆင့်မှာ ကင်မရွန်း အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

Source: BBC