၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီ ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အဆင့် ကစားမယ့် အီတလီလက်ရွေးစင်အသင်း လူစာရင်းမှာ (၂၀၁၈) နောက်ပိုင်း ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက် ရပါတယ်။

ဘာလော့တယ်လီ ဟာ (၂၀၁၈) စက်တင်ဘာနောက်ပိုင်း အီတလီအသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ တာပါ။ ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေရှိတဲ့ ဘာလော့တယ်လီ ဟာ အီတလီနဲ့ ပြင်သစ်ကလပ်တွေမှာ ကစားခဲ့ရာ အောင်မြင်ခြင်းမရှိခဲ့ပေမယ့် အခု ကစားနေတဲ့ တူရကီကလပ်မှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ရှာဖွေ နိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ အဒမ်နာဒီမာစပေါ် အသင်းအတွက် (၂၁)ပွဲ ကစားထားပြီး (၉)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီးပြီး ခြေစွမ်းပြသနေတာကြောင့် နည်းပြ မန်ချီနီရဲ့ အီတလီအသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ ကစားသမား (၃၅) ဦးနဲ့ (၃)ရက်ကြာ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ပါတယ်။ ဘာလော့တယ်လီ ဟာ အီတလီ လက်ရွေးစင်အသင်း အတွက် (၃၆)ပွဲ ပါဝင်ကစားပြီး (၁၄)ဂိုး သွင်းယူထားပေမယ့် (၂၀၁၄) ကမ္ဘာ့ဖလားနောက်ပိုင်း (၃)ပွဲသာ ပါဝင် ကစားရသေးတာပါ။

ဘာလော့တယ်လီ ဟာ အင်တာမီလန်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့တုန်းကလည်း အီတလီနည်းပြ မန်ချီနီ ရဲ့လက်အောက်မှာ ကစားခဲ့ရတာဖြစ်ပါတယ်။ မန်ချီနီ ဟာ အီတလီအသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်တဲ့ အချိန်တုန်းကလည်း ဘာလော့တယ်လီကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ပြီး အခွင့်အရေးပေးခဲ့ပါ သေးတယ်။ ဘာလော့တယ်လီအနေနဲ့ ဒီတစ်ကြိမ်အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး အီတလီအသင်းကို ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်တယ်ဆိုရင် ကာတာမှာကျင်းပမယ့် ဒီ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိမှာပါ။

အဲ့ဒါကြောင့် မန်စီးတီးနဲ့လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဒီအခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်နိုင်ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ ဥရောပချန်ပီယံ အီတလီအသင်းဟာ မတ်လ(၂၄)ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေး အောဖ့် အကြိုဗိုလ်လုပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အီတလီအသင်းအနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့ရင် ပလေးအောဖ့် ဗိုလ်လုပွဲအဖြစ် ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အီတလီအသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပလေးအောဖ့်အဆင့်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။