CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅

နာမည်ကျော် ဟဲဗီးဝိတ် လက်ဝှေ့သမားကြီး မိုက်တိုင်ဆန်ဟာ တချိန်က ဘရာဇီးလ်တရားရုံးမှာ အမှုရင်ဆိုင်နေရချိန် ဘရာဇီး လ် နိုင်ငံသားတွေ မခံချိမခံသာဖြစ်အောင် မာရာဒိုနာ လတ်မှတ်ရေးထိုးပေးထားတဲ့ ဂျာစီကို ဝတ်ဆင်လာခဲ့ဖူးတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။

ဟဲဗီးဝိတ် ဂန္တဝင်ဟာ ၂၀၀၅ ခုနှစ်က ဆာအိုပေါ်လိုမှာရှိတဲ့ နိုက်ကလပ်မှာ ကင်မရာသမားဖြစ်တဲ့ ကားလို့စ်အက်ဒွာဒို ဒါဆေးလ်ဗားကို တိုက်ခိုက်ခဲ့မှုနဲ့ စွပ်စွဲခံထားရတာပါ။ အဲ့ဒါကြောင့် မိုက်တိုင်ဆန်ဟာ ဘရာဇီးလ် တရားရုံးတခုကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မိုက်တိုင်ဆန်ဟာ တရားရုံးကိုလာရာမှာ ဘရာဇီးလ်ရဲ့ ပြိုင်ဘက်ကြီးဖြစ်တဲ့ အာဂျင်တီးနား ဂန္တဝင်ကစားသမား မာရာဒိုနာ လက်မှတ်ထိုးပေးထားတဲ့ ဂျာစီကို ဝတ်ဆင်လာခဲ့တာပါ။ အသက်(၂၀)အရွယ်နဲ့ ဟဲဗီးဝိတ်ချန်ပီယံဆုကို ရယူခဲ့ပြီး အသက် အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ သံမဏိ မိုက်တိုင်ဆန်ဟာ တရားရုံးကို လာခဲ့ရာ ရုပ်မြင်သံကြား ကင်မရာတွေရှေ့မှာ ညစ်ညမ်းတဲ့ အမူအရာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားတာပါ။

မိုက်တိုင်ဆန်ဟာ မတ်လ ၇ ရက်က တရားရုံးကို ပြန်သွားရတယ်လို့ ပြောခဲ့ပေမယ့် ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက် အရေး ယူဖို့ ဘာအကြံပြုချက်မှ မရှိတာဖြစ်ပါတယ်။

မိုက်တိုင်ဆန်ကိုတွေ့ရစဉ်။(The Sun)

မိုက်တိုင်ဆန်ဟာ ၂၀၀၅ ခုနှစ်၊ ဇွန်လက ကီဗင်မက်ဘရိုက်ကို ၆ ချီမြောက်မှာ ရှုံးနိမ့်ပြီးနောက် ကစားသမား ဘဝက အနား ယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၅ လအကြာမှာ ဒီဖြစ်ရပ်ဖြစ်လာခဲ့တာပါ။

မိုက်တိုင်ဆန်ဟာ ထိုအချိန်ကစပြီး မူးယစ်ဆေးဝါး အလွဲသုံးစားလုပ်မှု၊ စိတ်ဓာတ်ကျတာတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး သူ့ရဲ့ ဘဝကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ အသက်(၅၅)နှစ်အရွယ်ရှိ မိုက်တိုင်ဆန်ဟာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက အမေရိကန် နာမည်ကြီး တစ်ဦးဖြစ်ခဲ့တဲ့ ရွိုင်ဂျုံးစ်နဲ့ သရုပ်ပြပွဲအဖြစ် နောက်ဆုံး ထိုးသတ်ထားခဲ့တာပါ။ ဒီပွဲဟာ သရေရလဒ်နဲ့ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။

မိုက်တိုင်ဆန်ဟာ အသက်(၂၆)နှစ်အရွယ်ရှိ Youtube နာမည်ကြီး လိုဂန်ပေါလ် ဒါမှမဟုတ် အသက်(၅၆) နှစ်အရွယ်ရှိ ပြိုင်ဘက်ဟောင်း လူးဝစ်တို့နဲ့ တိုက်ခိုက်ဖို့ ဆွေးနွေးနေတယ်ဆိုပြီး မနှစ်က ကောလာဟလတွေ ထွက်ခဲ့ပါသေးတယ်။

မိုက်တိုင်ဆန်သည် လူးဝစ်နဲ့ ၂၀၀၂ ခုနှစ်က ထိုးသတ်ခဲ့တာမှာ လူးဝစ်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း(၅၈)ပွဲ ထိုးသတ်ခဲ့တာမှာ ပွဲပေါင်း(၅၀)အနိုင်ရထားပြီး (၆)ပွဲ ရှုံးနိမ့်ခဲ့တာပါ။ မိုက်တိုင်ဆန်ဟာ WBA၊ WBC၊ IBF နဲ့ The Ring ဟဲဗီးဝိတ်ဆုဖလားတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: The Sun