၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅
မန်စီးတီးတိုက်စစ်ကစားသမား စတာလင်ဟာ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
စတာလင်အတွက်တော့ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို (၃)နှစ်အကြာမှ ပထမဆုံး အကြိမ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ဒီဇင်ဘာလအတွင်း မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုလို တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင် ခဲ့တာပါ။ စတာလင်ဟာ ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ပရီးမီးယားလိဂ်(၇)ပွဲမှာ(၅)ပွဲကို ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ ဒီပွဲတွေမှာ (၅)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးနိုင်ခဲ့တာပါ။ စတာလင်ဟာ အက်စတွန်ဗီလာ၊ ဝုလ်ဗ်စ်၊ ဝက်ဖိုဒ့်၊ နယူးကာဆယ်နဲ့ လက်စတာပွဲတွေမှာ မန်စီးတီးအတွက် အဓိကကစားသမားတဦးအဖြစ် ခြေစွမ်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ လိဒ်စ်အသင်းကို (၇)ဂိုး-ဂိုးမရှိ၊ ဘရန်ဖိုဒ့်အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲတွေ မှာတော့ စတာလင်ဟာ မန်စီးတီးအသင်းအတွက် ပါဝင်ကစားပေးရခြင်း မရှိခဲ့တာပါ။ မန်စီးတီးအသင်းကို ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲလုံး အနိုင်ရအောင် ကိုင်တွယ်နိုင်ခဲ့တဲ့နည်းပြ ဂွာဒီယိုလာ ကတော့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
စတာလင်ဟာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို (၂၀၁၈) နိုဝင်ဘာလက နောက်ဆုံး ရယူခဲ့တာကြောင့် ဒီဆုကို (၃)နှစ်အကြာမှ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန် ကစား သမားဟာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို (၂၀၁၆) သြဂုတ်လကလည်း ရရှိခဲ့တာကြောင့် ဒီဆုကို (၃)ကြိမ်ရယူထားတာပါ။ စတာလင်ဟာ ဒီဇင်ဘာလ မတိုင်ခင်က နည်းပြ ဂွာဒီယိုလာနဲ့ ဆက်ဆံရေး အနည်းငယ်အဆင်မပြေမှုရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်(၁၁)ပွဲကစားအပြီးမှာ (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။
စတာလင်ဟာ ဒီ ရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူထားကာ ပရီးမီးယားလိဂ်သွင်းဂိုး (၇)ဂိုး ရှိခဲ့တာပါ။ မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်အထိ ဒီရာသီ ပရီးမီးယားလိဂ် (၂၁)ပွဲကစားထားပြီး (၅၃)မှတ်ရရှိထားတာဖြစ်ပါတယ်။ ပရီးမီးယား လိဂ် လက်ရှိချန်ပီယံဟာ ဒုတိယနေရာက ချယ်လ်ဆီးအသင်းကို (၁၀)မှတ်နဲ့ တတိယနေရာက လီဗာပူးလ် အသင်း ကို(၁၁)မှတ် ဖြတ်ထားတာလည်းဖြစ်ပါတယ်။
Source: Daily mail