၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်က သူ့ရဲ့ ဖန်တီးပေးမှုတွေနဲ့ လမ်ပန်ဝါရီယာ အသင်း နိုင်ပွဲရခဲ့လို့ ပျော်ရွှင်တယ်လို့ ပြောလိုက်ပါတယ်။

မောင်မောင်လွင်ဟာ ထိုင်းလိဂ်(၂) အသင်းအတွက် ပွဲဦးထွက်အဖြစ် ကာစတန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ပရိသတ်တွေ အကြိုက်ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် ကစား သမားဟောင်းဟာ ဒီပွဲမှာ ပွဲချိန်အပြည့် ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းနောက်ခံလူတွေကို အလုပ်ရှုပ် စေခဲ့တာပါ။ ဒီပွဲကို စီစဉ်တင်ဆက်သူတွေကတောင် လမ်ပန်ဝါရီယာအသင်းရဲ့ ကျောနံပတ်(၇၇)ဟာ ထိန်းချုပ်လို့ မရအောင် ကောင်းမွန်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ လမ်ပန်ဝါရီယာ အသင်းဟာ ကာစတန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီသွင်းဂိုး(၂)ဂိုးလုံးမှာ မောင်မောင်လွင် ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တာပါ။ ပထမသွင်းဂိုးမှာ မောင်မောင်လွင်က ဂိုးသွင်းတဲ့ သူ့ရဲ့ လမ်း ကြောင်းကို ခင်းပေးခဲ့တာဖြစ်ပြီး ကစားသမားက ဂိုးဧရိယာ အပြင်ကနေ ပြင်းပြင်းထန်ထန် ကန်သွင်း ယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးမှာတော့ မောင်မောင်လွင်ရဲ့ ကန်သွင်းချက်ကို ကာစတန်ဂိုးသမား ပုတ်ထုတ်ပြီး ပြန်ထွက် လာတဲ့ ဘောလုံးကိုအသင့်ရှိနေတဲ့ ကစားသမားက ခေါင်းတိုက်ဂိုးသွင်းယူခဲ့တာပါ။ မောင်မောင်လွင်ဟာ ပွဲအစ ပိုင်းမှာ လမ်ပန်ဝါရီယာအသင်းအတွက် ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ပွဲဦးထွက်မှာ သွင်းဂိုးမရခဲ့တာဖြစ်ပါတယ်။

မောင်မောင်လွင်က “ပထမဆုံးပွဲမှာ နိုင်ပွဲရခဲ့လို့ ပျော်ရွှင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ အသင်း အတွက် ဂိုးတွေဖန်တီးနိုင်ခဲ့လို့ပါ။ ပိုင်ရှင်တွေ၊ နည်းပြတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူး တင်တယ်”လို့ ဖေ့စ်ဘွတ်စာမျက်မှာ ရေးသားထားတာပါ။ မြန်မာ့လက်ရွေးစင် ကစားသမားဟာ ပွဲဦးထွက်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် လမ်ပန်ဝါရီယာအသင်းရဲ့လာမယ့်ပွဲတွေမှာ ပွဲထွက်ခွင့်ရဖို့ သေချာနေတာလည်း ဖြစ်ပါတယ်။

လမ်ပန်ဝါရီယာအသင်းဟာ ထိုင်းလိဂ်(၂)ပြိုင်ပွဲမှာ (၁၇)ပွဲကစားထားပြီး ရမှတ်(၃၀)နဲ့ အမှတ်ပေးဇယား အဆင့်(၄) နေရာမှာ ရပ်တည်နေတာပါ။ လမ်ပန်ဝါရီယာအသင်းဟာ လာမယ့်နှစ်ရာသီမှာ ထိုင်းလိဂ်(၁)ပြိုင်ပွဲကို တန်းတက် နိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ ထိုင်းလိဂ်(၁)ပြိုင်ပွဲကို ထိုင်းလိဂ်(၂)ထိပ်ဆုံး(၂)သင်းက တိုက်ရိုက်တန်းတက်ခွင့်ရမှာ ဖြစ်ပြီး အဆင့်(၃) ကနေ (၆)အထိ အသင်းတွေကတော့ ပလေးအောဖ့်အဆင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ကာ အနိုင်ရတဲ့ အသင်းက တန်းတက်ခွင့်ရမှာဖြစ်ပါတယ်။