၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

ကမ္ဘာ့နံပတ်(၁) တင်းနစ် ကစားသမားဖြစ်တဲ့ ဂျိုကိုဗစ်ကို ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ သြစတြေးလျနိုင်ငံတွင်း ဝင်ရောက်ခွင့် အာမခံမပေးထားဘူးလို့ ဘီဘီစီအင်္ဂလိပ်ပိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

သြစတြေးလျ အစိုးရအတွက် ရှေ့နေတွေက တရားရုံးကို တင်သွင်းရာမှာ အသက်(၃၄)နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ကာကွယ် ဆေး ထိုးထားခြင်း မရှိဘူးလို့ ဖော်ပြခဲ့တာပါ။ သြစတြေးလျနိုင်ငံရဲ့ ကိုဗစ်နယ်စပ်စည်းမျဉ်းတွေအရ ကာကွယ်ဆေး (၂)ကြိမ် မထိုးထားတဲ့ ပြည်ပနိုင်ငံသားတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ် ကာကွယ်ဆေးထိုးဖို့ ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်ရှိရင်တော့ လျှော့ပေါ့တဲ့ စည်းမျဉ်းတွေရှိနေပါတယ်။

ဂျိုကိုဗစ်ကတော့ သူ့ကို ပြည်နှင်ဒဏ်ပေးတာ ရပ်တန့်ဖို့ ကြိုးစားနေပြီး တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ ဆားဘီးယား ကစားသမားရဲ့ ဥပဒေရေးရာ အဖွဲ့ကတော့ မကြာသေးခင်က ကူးစက်မှု တစ်ခုက သူ့ကို တရားဝင် ကင်းလွတ် ခွင့် ပေးတယ်ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့တာပါ။

ဂျိုကိုဗစ်ဟာ သြစတြေးလျ အိုးပန်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြီးခဲ့တဲ့ အပတ်က မဲလ်ဘုန်းကို ရောက်ရှိ လာခဲ့တာပါ။ ဂျိုကိုဗစ်ဟာ မဲလ်ဘုန်းကို ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ ဗီဇာဟာ ရုပ်သိမ်းခံခဲ့ရပြီး ထိန်းသိမ်း ခံထားရတာ ကြောင့် သူ့ရဲ့ ရှေ့နေတွေက ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပုံ- ဂျိုကိုဗစ် ထောက်ခံသူများကိုတွေ့ရစဉ်။(AP)

သြစတြေးလျ တင်းနစ်အဖွဲ့ကတော့ ဂျိုကိုဗစ်အနေနဲ့ ဒီပြိုင်ပွဲ ဝင်ခွင့်ရမယ်ဆိုရင် ကစားသမားရဲ့ ပွဲစဉ်ဇယားကို ရေးဆွဲရမှာ ဖြစ်လို့ အင်္ဂါနေ့မှာ နောက်ဆုံးထားပြီး သိရဖို့လိုတယ်လို့ ပြောပါတယ်။ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၇ ရက်မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ဆားဘီးယား ကစားသမားရဲ့ ရှေ့နေတွေကတော့ သူ့ရဲ့အမှုသည်ဟာ မကြာသေးခင်က ကိုဗစ်ကူးစက်မှုကြောင့် ကာကွယ် ဆေး ကင်းလွတ်ခွင့် လတ်မှတ်အတွက် စံသတ်မှတ်ချက်တွေနဲ့ ပြည့်စုံကြောင်း စာမျက်နှာ ၃၅ မျက်နှာ ပါတဲ့ စာရွက်စာတမ်း တွေကို တင်ပြခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်က PCR စမ်းသပ်မှုမှာ ဒါကို အတည်ပြုခဲ့တာပါ။

သြစတြေးလျအစိုးရရဲ့ တရားရေးဘက်ကတော့ ဒါကို ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူးဆိုပြီးတော့ ပယ်ချခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်ကြောင်း အရင်က ပြောခဲ့ဖူးပေမယ့် ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုထားတာတော့ မရှိတာပါ။ ကမ္ဘာ့အတင်းကျပ်ဆုံး ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေအောက်မှာ နေထိုင်နေ ရတဲ့ သြစတြေးလျ နိုင်ငံသားတွေကတော့ ဂျိုကိုဗစ်ကို ကာကွယ်ဆေး ကင်းလွတ်ခွင့် ပေးခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ဒေါသ တွေ ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အယူခံမှာ အနိုင်ရခဲ့တယ်ဆိုရင် ဂျိုကိုဗစ်ရဲ့ ဗီဇာကို အစိုးရက ဒုတိယ အကြိမ်မြောက် ရုပ်သိမ်းမှာလားနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို နောက်ဆုံး ၃ ကြိမ် အပါအဝင် စံချိန်တင် ၉ ကြိမ်မြောက် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC