CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

ရီးရယ်လ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က ဝေးလ်စ် လက်ရွေးစင်အသင်း ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ရင် အသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ  ဖော်ပြ ထားပါတယ်။

ရီးရယ်လ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၆ သိန်း ရရှိနေတဲ့ ဂါရတ်ဘေးလ်နဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက် ဆုံး ၆ လထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဝေးလ်စ် ကစားသမားအနေနဲ့ သက်တမ်းတိုးတာ ဒါမှမဟုတ် အခုအပြောင်းအရွှေ့ မှာ မထွက်ခွာခဲ့ဘူးဆိုရင် နွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာရတော့မှာပါ။

ဝေးလ်စ် အသင်းအနေနဲ့ ဆောင်းရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရမယ်ဆိုရင် ဂါရတ်ဘေးလ် အနေနဲ့ သူ့ နိုင်ငံအတွက် ပြိုင်ဆိုင်မှုရှိစေဖို့ ကလပ်အသင်း တစ်သင်းနဲ့ ကာလတို စာချုပ်ချုပ်ဆိုဖို့ ကြိုးစားဖွယ် ရှိနေတာပါ။

တကယ်လို့ ဝေးလ်စ် အသင်းအနေနဲ့ ပလေးအောဖ့်ပြိုင်ပွဲမှာ အောင်မြင်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ ဂါရတ်ဘေးလ်ရဲ့ ကစား  သမားဘဝဟာ အဆုံးသတ် သွားနိုင်တယ်လို့ The Athletic က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဝေးလ်စ်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ် အကြိုဗိုလ်လုပွဲအဖြစ်  သြစတြီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပုံ-ရီးရယ်လ်အသင်းအတွက် ဂါရတ်ဘေးလ် ကစားနေစဉ်။(The Sun)

ဝေးလ်စ် အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့ရင် စကော့တလန်နဲ့ ယူကရိန်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ ဝေးလ်စ်အသင်း ဒီပွဲစဉ်မှာ အနိုင်ရသွားခဲ့ရင်တော့ ဂါရတ်ဘေးလ်ဟာ နွေရာသီမှာ အခြားကလပ် အသင်း တစ်သင်းနဲ့ လက်မှတ်ထိုး သွားဖွယ်ရှိနေတာပါ။

ဒါပေမယ့် စပါးအသင်း ကစားသမားဟောင်း အနေနဲ့ ထိပ်တန်းအဆင့်မှာ ကစားဖို့ ဖြစ်နိုင်ဖွယ် မရှိတာလည်း ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းဟောင်း စပါးအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ၃၅ ပွဲ ပါဝင်ကစားကာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဂါရတ်ဘေးလ်ဟာ ဒီရာသီမှာ  ဒူးဒဏ်ရာ၊ ခြေဖမိုး ကြွက်သားဒဏ်ရာ၊ ကိုဗစ် ကူးစက်မှုတွေကြောင့် ရီးရယ်လ်အသင်းအတွက် ပွဲစဉ် ၃ ပွဲသာ ပါဝင်ကစားနိုင်သေးတာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ ဘီလာရုပ်စ် အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဝေးလ်စ်အသင်းအတွက် ၄၅ မိနစ်ကြာ ပါဝင်ကစားခဲ့ပေမယ့် ဘယ်လ်ဂျီယံနဲ့ အရေး ကြီးတဲ့ ပွဲမှာတော့ မပါဝင်နိုင်ခဲ့ပါဘူး။ ဂါရတ်ဘေးလ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: The Sun