CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

စပါးအသင်းဟာ အဓိက ကစားသမားတစ်ဉီးဖြစ်တဲ့ ဆွန်ဟောင်မင်ကို ဒဏ်ရာကြောင့် ဖေဖော်ဝါရီအထိ လက်လွှတ်ရတော့မှာ ဖြစ်တဲ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပြီလို့ The Sun က ဖော်ပြထားပါတယ်။

ဆွန်ဟောင်မင်ဟာ ချယ်လ်ဆီး အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ပထမ အကျော့ ပွဲစဉ်ရဲ့ ပွဲချိန်(၇၉)မိနစ်မှာ လူစားလဲခဲ့တာ ဖြစ်ပါတယ်။ ကွန်တီကတော့ ဒါဟာ ဒဏ်ရာကြောင့် မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် နောက်တစ်ရက်မှာ ဆေးအဖွဲ့က ခေါ်ယူခဲ့တာပါ။

သူ့ရဲ့ခြေထောက် ကြွက်သားနာကျင်နေမှုကို စကန်မ်ဖတ် စစ်ဆေးခဲ့ရာမှာ သူဟာ ဖေဖော်ဝါရီလအထိ အသင်းအတွက် ပြန် လည် ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ လာမယ့် နိုင်ငံတကာ ပွဲစဉ်တွေ ပြီးမှ အသင်းထံ ပြန်လာနိုင်မှာပါ။

ကွန်တီက “ချယ်လ်ဆီး အသင်းနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေက ထူးခြားပါတယ်။ ကျနော်ဟာ ဆွန်နဲ့ လူးကပ်စ်တို့(၂)ဦးလုံးကို လူစားလဲခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် မဟုတ်ပါဘူး။ သူတို့ကို (၁၅)မိနစ်လောက် အနားပေးဖို့ ကြိုးစားခဲ့တာပါ။ နောက်နေ့လည်း ရောက်ရော သူ့ရဲ့ ခြေထောက်နဲ့ ကြွက်သားတွေက နာကျင်မှု အနည်းငယ်ကို ခံစားခဲ့ရတယ်”လို့ ပြောပါ တယ်။

ပုံ- ဆွန်ဟောင်မင်ကိုတွေ့ရစဉ်။(Eurosport)

ဒါ့အပြင် အီတလီလူမျိုးနည်းပြက “သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ထားပြီး ဆရာဝန်ဆီကနေ မှန်ကန်တဲ့ အကဲဖြတ်မှုတွေ လုပ်ရ ပါမယ်။ ဒါဟာ ဒဏ်ရာတစ်ခုပါ။ သူဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ မသိပေမယ့် နိုင်ငံတကာ ပွဲစဉ်တွေ မစတင်ခင် အချိန်ထိ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်မှာ မဟုတ်ဘူး”လို့ထင်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကစားသမားအနေနဲ့ ကာရာဘောင်းဖလား ဒုတိယအကျော့ပွဲစဉ်၊ အာဆင်နယ်၊ လက်စတာ၊ ချယ်လ်ဆီး အသင်းတို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အရေးကြီးပွဲစဉ်တွေကို ပါဝင်နိုင်ဖွယ် မရှိတာပါ။

ဆွန်ဟောင်မင် အနေနဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်မှ စပါးအသင်းအတွက် ပြန်လည် ပါဝင်နိုင် ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါး အသင်းအတွက် (၂၅)ပွဲ ပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူကာ (၅)ဂိုး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ (၂)ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အတွက် ဒုတိယအကျော့မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ရရှိဖို့ လိုအပ်နေခဲ့တာပါ။

ကွန်တီလက်ထက် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေရနေပြီး အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတဲ့ စပါး အသင်းဟာ ဇန်နဝါရီ ၉ ရက်မှာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် မိုကမ်ဘီ အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun