၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

မက်ဆီကတော့ ပီအက်စ်ဂျီအတွက် ကစားနေတဲ့ အချိန်ဟာ တစ်ရာသီတည်းနဲ့ ကုန်ဆုံးသွားနိုင်ပြီး အသင်းရဲ့ ပစ်မှတ်တစ်ခု ပြည့်မီအောင် မလုပ်နိုင်ရင် ထွက်ခွာနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောလိုက်ပါတယ်။

မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာအသင်းက စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား ကစားသမားဟာ ပြင်သစ်ကလပ်အတွက် အခုအချိန်ထိ ခြေစွမ်းပြနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရပါတယ်။

မက်ဆီဟာ လီဂူးဝမ်းမှာ ပီအက်စ်ဂျီ အသင်းအတွက် ၁၁ ပွဲကစားပြီး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ၅ ပွဲ ကစားပြီး (၅)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ဗိုလ်စွဲနိုင်အောင် မကူညီပေးနိုင်ဘူးဆိုရင်တော့ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတာပါ။

ဘာစီလိုနာအသင်း ကွင်းလယ် ကစားသမားဟောင်းဖြစ်တဲ့ လိုဘိုကာရက်စ်စကိုက “မက်ဆီဟာ ဘာစီလိုနာမှာရှိတဲ့ အရာ တွေကို အမြဲတမ်း လွမ်းဆွတ်နေမှာပါ။ တကယ်လို့ သူဟာ အောင်မြင်ခဲ့ရင် ဆိုလိုတာက ချန်ပီယံလိဂ် ဖလားရခဲ့ရင် ဒီမှာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးပြီး ဆက်ရှိနေနိုင်ပါတယ်”လို့ ပြောပါတယ်။

ပုံ-ပိုချက်တီနိုနဲ့မက်ဆီကိုတွေ့ရစဉ်။(PA)

ဒါ့အပြင် လိုဘိုကာရက်စ်စကိုက “တကယ်လို့ ချန်ပီယံလိဂ်ဖလား မရရင်တော့ သူထွက်ခွာ သွားနိုင်ပါတယ်။ အားကစား သဘောအရတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရတယ်လို့ ကျနော် မထင်မိပါဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး အရတော့ သူ အမှား လုပ်ခဲ့တယ်ဆိုတာကို သဘောပေါက် ပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အခုနှစ်အစမှာ ကစားခဲ့တဲ့ ဗန်နက်စ်နဲ့ပွဲကို ကိုဗစ်ကူးစက်မှုကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီဟာ လိုင်ယွန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပြီး ဝေဖန်မှုတွေတော့ ခံနေရဆဲပဲလို့ သတင်းမှာ ဖော်ပြထားတာပါ။

ပြင်သစ်ကလာတဲ့ သတင်းတွေမှာတော့ ပိုချက်တီနိုဟာ မက်ဆီ ကိုဗစ်ကူးစက်ခံခဲ့ရတာကို ပြင်ပအဖွဲ့ အစည်းတွေကနေ တဆင့် သိခဲ့ရတာဖြစ်ပြီး ဒါကို ပီအက်စ်ဂျီ ကစားသမားဟောင်း ရိုသန်က မက်ဆီကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ရိုသန်က “ခင်ဗျားအနေနဲ့ ခင်ဗျားနည်းပြကို အမြဲတမ်း လေးစားနေရပါမယ်။ ခင်ဗျားဘာသာ ခင်ဗျား နာမည်ကြီးပဲဖြစ်ဖြစ် လူငယ်ကစားသမားပဲ ဖြစ်ဖြစ်ပေါ့။ ပိုချက်တီနိုက မက်ဆီ ဘယ်မှာရှိနေလဲဆိုတာကအစ ဘာမှကို မသိခဲ့ရပါဘူး။ ဒါဟာ အများကြီးကို ရှင်းပြနေရတာပါ။ ဒါဟာ ကောင်းတဲ့ အရာမဟုတ်ပါဘူး။ မက်ဆီအတွက် အံ့သြဖွယ်ကောင်းတယ်လို့ ထင် ကြောင်း”ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Sportbible