CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀

အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်သလက်တီ ကို အသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 

ဂယ်လာဂါကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု ပြေးလမ်းကြောင်းထဲမှာရှိနေတဲ့ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ် အကွာမှာရှိနေတဲ့ အက်စတွန်ဗီလာအသင်းဟာ အခုအပြောင်းအရွှေ့မှာ အသင်းလူစာရင်းကို အားကောင်းအောင် ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာအသင်း နည်းပြ အူနှိုင်းအမ်မရီဟာ ဂယ်လာဂါ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ချိန်ကတည်းက နှစ်သက်ခဲ့တာကြောင့် သူ့ကိုခေါ်ယူချင်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ 

လွန်ခဲ့တဲ့ ၁၈ လက ပေါင် ၃၄ သန်းနဲ့ အက်သလက်တီကိုအသင်းထံ ရောက်လာခဲ့တဲ့ ဂယ်လာဂါဟာ ပွဲကစားချိန် မိနစ်နည်းပါးမှုကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။ 

ဂယ်လာဂါကို တွေ့ရစဉ်

ဂယ်လာဂါဟာ ဒီရာသီမှာ အက်သလက်တီကိုအသင်းအတွက် ၂၇ ပွဲ ပါဝင်ကစားထားပေမယ့် ၉ ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ မက်ဒရစ်မှာ ပျော်ရွှင်နေသလို နည်းပြဆီမြွန်နီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပေမယ့် ဗီလာထံ ပြောင်းရွှေ့ခြင်းကနေ ဘာတွေ ယူဆောင်လာနိုင်မလဲဆိုတာ စိတ်ဝင်စားနေတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အံ့အားသင့်ဖွယ် စိန်ခေါ်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။

ဂယ်လာဂါဟာ ပုံမှန်ပွဲကစားခွင့်ရမယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ခွင့်ရှိနေတာပါ။ 

အက်သလက်တီကိုအသင်းဟာ ဂယ်လာဂါအတွက် အနည်းဆုံးပေါင် ၃၅ သန်း လိုချင်နေတာ ဖြစ်ပါတယ်။ 

Source: Metro