CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရကာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ၅ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် နည်းပြအာတီတာက နှစ်တစ်နှစ်ကို အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းလို့ ပြောခဲ့ပါတယ်။

အာတီတာက “ပွဲစဉ်အချိန်ဇယားက အလွန်တောင်းဆိုမှုများပြီး ကျနော်တို့မှာ အလွန်ခက်ခဲတဲ့ပွဲတွေ၊ ဒဏ်ရာတွေ ရှိပေမယ့် ကစားသမားတွေက အလွန်ဆန္ဒပြင်းပြကြပါတယ်။ ဒါကြောင့် အနိုင်ရတာက အားလုံးကို အထောက် အကူ ဖြစ်စေပါတယ်။ နိုင်ပွဲက ကျေနပ်စရာ ဖြစ်ပေမယ့် ကစားရမယ့် ပွဲတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါဟာ နှစ်တစ်နှစ်ကို အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းဆိုတာ အသေအချာပါပဲ။ မယုံနိုင်စရာ ကောင်းတဲ့ ၂၀၂၅ ခုနှစ်ဖြစ်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ကျနော်တို့လိုချင်တဲ့အရာကို အရယူဖို့လုပ်ဆောင်မယ်”လို့ ပြောခဲ့ တာပါ။ 

အာဆင်နယ်နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ သွင်းဂိုးတွေ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ဂါဘရီရယ်လ်၊ ဇူဘီမန်ဒီ၊ ထရော့ဆာ့ဒ်နဲ့ ဂျီးဆပ်စ်တို့က သွင်းယူခဲ့ပြီး အက်စတွန်ဗီလာအသင်းအတွက် ချေပဂိုးကို ဝက်ကင်စ်က သွင်းယူခဲ့တာပါ။

အာဆင်နယ်အသင်းကို တွေ့ရစဉ် 

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အက်စတွန်ဗီလာအသင်းရဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန် မှတ်တမ်းကောင်းကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ၅ မှတ်၊ အက်စတွန်ဗီလာအသင်းကို ၆ မှတ်အသာနဲ့ အမှတ်ပေးဇယားဦးဆောင်ကာ ၂၀၂၅ ခုနှစ်ကို အဆုံးသတ်နိုင်ခဲ့ ပါတယ်။ 

ဒီပွဲအပြီးမှာ အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာကို လက်ဆွဲ နှုတ်ဆက်ခြင်း မရှိဘဲ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာပါ။

အူနှိုင်းအမ်မရီက သူဟာ စောင့်ဆိုင်းခဲ့ပေမယ့် အာတီတာဟာ ပျော်ရွှင်ပြီး နည်းပြတွေနဲ့အတူ ရှိနေတာကြောင့် အထဲဝင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

အာတီတာကတော့ ဒါက ပွဲရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ပြဿနာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

Source: ESPN