CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘုန်းမောက်အသင်း တိုက်စစ်ကစားသမား ဆီမန်ညိုဟာ သူ့ရဲ့ အနာဂတ်ကို ဇန်နဝါရီ ၁ ရက်မှာ ဖြေရှင်းဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်မယ့် ဆီမန်ညိုရဲ့ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းဟာ ဆွေးနွေးမှုတွေ အရှိန်မြှင့်နေတယ်လို့ ပြီးခဲ့တဲ့အပတ်မှာ BBC Sport က ဖော်ပြခဲ့ပါတယ်။ 

မန်စီးတီးအသင်းနဲ့ ဆီမန်ညိုရဲ့ ကိုယ်စားလှယ်တွေဟာ ဆွေးနွေးမှုတွေ ဆက်ပြီးရှိနေပေမယ့် စာချုပ်ပေါ်မှာ လက်မှတ် မရေးထိုးမချင်း သူ့ရဲ့ အနာဂတ်ကို အခြားအသင်းတွေအတွက် ဖွင့်ထားဆဲ ဖြစ်ပါတယ်။ 

ဒဏ်ရာကြောင့် တိုက်စစ်မှူး အစ်ဆက်ကို လအနည်းငယ်ကြာ အနားပေးရမယ့် လီဗာပူးလ်အသင်းဟာ ဆီမန်ညို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းပါ။

ဆီမန်ညိုနဲ့ မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် လီဗာပူးလ်အသင်းဟာ သူ့ကိုခေါ် ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ဆီမန်ညိုကို တွေ့ရစဉ် 

လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ ဆီမန်ညိုနဲ့ ပတ်သက်ပြီး ဘုန်းမောက်အသင်းထံ တရားဝင်ဆက်သွယ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပေမယ့် လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ ရစ်ချတ်ဟုချ်ဟာ သူအလုပ် လုပ်ခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ဆက်ဆံရေး ကောင်းတွေရှိတာပါ။ 

ဆီမန်ညိုကတော့ သူ့ရဲ့ အနာဂတ်ကို အမြန်ဆုံး အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။  

ဘုန်းမောက်အသင်းဟာ သူ့ကို ၂၀၂၆ ခုနှစ်ထဲ ပထမဆုံး ၂ ပွဲဖြစ်တဲ့ အာဆင်နယ်၊ စပါးအသင်းနဲ့ပွဲတွေအတွက် အသင်းမှာ ဆက်ပြီး ထိန်းထားချင်နေပါတယ်။ 

လာမယ့် ဇန်နဝါရီ ၇ ရက်မှာ အသက် ၂၆ နှစ်ပြည့်မယ့် ဆီမန်ညိုဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန် ကာလကို ပိုင်ဆိုင်ထားတဲ့အချိန်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အသင်းပြောင်းရွှေ့ချင်နေပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ ဘရစ္စတိုးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမန်ညိုဟာ ဘုန်းမောက်အသင်းအတွက် ၁၀၇ ပွဲကစားထားပြီး ၃၁ ဂိုးသွင်းယူထားပါတယ်။ 

Source: BBC