၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ထိုင်းအသင်းခေါင်းဆောင် ချာနာသစ် ရရှိသွားခဲ့ပါ တယ်။
ချာနာသစ်ဟာ ထိုင်းအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ဒီပြိုင်ပွဲတလျှောက် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး အရေးပါဆုံး ပွဲတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ အကြိုဗိုလ်လုပွဲ ပထမအကျော့၊ အင်ဒိုနီးရှားအသင်းနဲ့ ဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်တွေမှာ (၂)ဂိုးစီ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ အာဆီယံဆူဇူကီးဖလား ဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ဇန်နဝါရီ ၁ ရက်က အင်ဒိုနီးရှား အသင်းနဲ့ ကစားခဲ့ရာမှာ ၂ ဂိုးစီ သရေကျခဲ့တာပါ။
ဒါပေမယ့် ပထမအကျော့က ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ ထိုင်း အသင်း အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲချန်ပီယံဆုကို အခု တစ်ကြိမ် အပါအဝင် စံချိန်တင် ၆ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
ထိုင်းအသင်းဟာ ၂၀၁၈ က ဗီယက်နမ် အသင်းကိုပေးခဲ့ရတဲ့ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်း အသင်းဟာ ဒီပြိုင်ပွဲတလျှောက် ရဂိုး ၁၈ ဂိုးရခဲ့ပြီး ပေးဂိုး ၃ ဂိုးသာ ခွင့်ပြုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ပုံ-ဗိုလ်ဆွဲခဲ့တဲ့ ထိုင်းအသင်း။(AFF Suzuki)
ဂျပန်ကလပ် ဆာပေါ်ရို အသင်းမှာ ကစားနေတဲ့ ချာနာသစ်ဟာ ဆူဇူကီးဖလားပြိုင်ပွဲမှာ တန်ဖိုးအရှိ ဆုံးကစားသမားဆုကို အခုတစ်ကြိမ် အပါအဝင် ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။ ချာနာသစ်ဟာ ၂၀၁၄ နဲ့ ၂၀၁၆ မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ဒီဆုကို ရခဲ့တာဖြစ်ပါတယ်။
ချာနာသစ်က “ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့လို့ အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ နည်းပြ၊ အသင်း ဖော်တွေ၊ ကျနော်တို့ အသင်းမန်နေဂျာနဲ့ အားပေးတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျနော် တို့ လုပ်ဆောင်ရမယ့် အရာတွေကို အောင်မြင်အောင် ကူညီပေးနိုင်ခဲ့သူတွေ ဖြစ်တယ်”လို့ ပြောပါတယ်။
ချာနာသစ်ဟာ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားတွေအဖြစ် ဆာဗာဝီ၊ မာရာနွန်၊ ဒန်ဒါတို့နဲ့အတူ ၄ ဂိုးစီ သွင်းယူပြီး ရပ်တည်ခဲ့တာပါ။ ဒီပြိုင်ပွဲရဲ့ အသန့်ရှင်းဆုံး အသင်းဆုကိုတော့ ဒုတိယရခဲ့တဲ့ အင်ဒိုနီးရှား အသင်းက ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။
Source: ESPN