၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ် အသင်းဟာ သူတို့ထက် ပိုကောင်းခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီး အသင်းတို့ပွဲမှာ မန်စီးတီးအသင်းက နာကျင်အချိန်ပိုမှာ ရိုဒရီရဲ့ သွင်းဂိုးကြောင့် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ ဆာကာရဲ့ သွင်းဂိုးနဲ့ အာဆင်နယ်အသင်းက ဦးဆောင်နေခဲ့တာပါ။ ဒုတိယပိုင်းမှာ ဘာနာဒို ဆေးလ်ဗား ကြောင့်ရတဲ့ ပင်နယ်တီကနေ မာရတ်ဇ်က မန်စီးတီးအတွက် ချေပဂိုးသွင်းခဲ့ပြီး ရိုဒရီက မန်စီးတီးအတွက် အနိုင်ဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်လ် ၂ ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

မန်စီးတီးကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေတာကို ဆက်ထိန်းနိုင်ခဲ့ပြီး အာဆင်နယ် အသင်းကတော့ နိုင်ပွဲဆက်တာ ရပ်တန့်သွားပြီး ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ဂွာဒီယိုလာကတော့ သူတို့အသင်း နိုင်ပွဲရခဲ့ပေမယ့် အာဆင်နယ်ကသာ ပိုကောင်းခဲ့တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဒီပွဲမှာ ကျနော်တို့ အသင်းရဲ့ အရန်ခုံတန်းကို ကြည့်လိုက်ပါ။ အကယ်ဒမီ ကစားသမား ၄ ဦးအထိ ပါဝင်နေပါ တယ်။ ကျနော်တို့မှာ ကိုဗစ်ကူးစက်မှုနဲ့ ဒဏ်ရာ အခြေ အနေတွေ ရှိခဲ့ပါတယ်။ ဖိုဒန်၊ ကိုင်လီနဲ့ ရိုဒရီတို့ဟာ ကိုဗစ် အချိန်တွေ ကနေ ဒီနေ့ဟာ ပထမဆုံးရက်တွေပါပဲ။ ဒီအချိန်မှာ ကျနော်တို့ဟာ အလွန်ပင်ပန်းခဲ့ကြပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ပို ကောင်းပေမယ့် ဘောလုံးမှာ ဒါတွေ ဖြစ်တက်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပုံ-အာဆင်နယ်နဲ့ မန်စီးတီးယှဉ်ပြိုင်နေစဉ်။(The Paradise News)

ဒါ့အပြင် ဂွာဒီယိုလာက “သူတို့ဟာ ပိုမိုကောင်းမွန်လာပါပြီ။ ကျနော်တို့ဟာ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ ရုန်းကန်နေရပြီး အမှတ်ပေးဇယား အောက်ဆုံးကနေ ရာသီစခဲ့တဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အခုဆို သူတို့ဟာ ထိပ်ဆုံး ၄ သင်းထဲကိုတောင် ရောက်ရှိနေပါပြီ။ အာဆင်နယ် အသင်းဟာ နောဝစ်ချ်နဲ့ ကစားပြီး ၆ ရက် ဒါမှမဟုတ် ၇ ရက်လောက် အနား ရထားပါတယ်။ ကျနော်တို့ကတော့ ဘရန်ဖိုဒ့်နဲ့ ကစားပြီး ၂ ရက်လောက်ပဲ အနားရခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ကွင်းလယ်မှာ နောက်တစ်ဦး ထပ်ထည့် ထားရပါတယ်။ ပွဲကို ထိန်းချုပ်ဖို့နဲ့ ပေးပို့မှုတွေ လုပ်နိုင်ဖို့ပါ။ ဒီပွဲဟာ ကျနော်တို့အတွက် ခက်ခဲခဲ့ပြီး စွမ်းအင် အပြည့်အဝ မရှိခဲ့ဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ် အသင်းဟာ ဒီရှုံးပွဲကြောင့် မန်စီးတီးအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲလုံး ရှုံးနိမ့်ခဲ့ရတာ လည်း ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ အောက်မှာ ရပ်တည်နေတဲ့ အသင်းတွေကို ရမှတ်တွေ ဆက်လက် ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ အခုလာမယ့်အပတ်မှာ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ဆွင်ဒမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ် အသင်းကတော့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Football