CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ဆားဘီးယားတင်းနစ် ကစားသမား ဂျိုကိုဗစ်ဟာ လာမယ့်အပတ် ဆစ်ဒနီမှာ ကျင်းပမယ့် ATP Cup ပြိုင်ပွဲကို မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ သံသယဖြစ်လာ ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမားဟာ ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ATP ပြိုင်ပွဲ ချန်ပီယံ ဆားဘီးယားအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့တာပါ။ ဆားဘီးယား အသင်းဟာ အုပ်စု(A)မှာ နော်ဝေ၊ ချီလီ၊ စပိန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ တာဖြစ်ပြီး ဒီပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်ကနေ ၉ ရက်နေ့ထိ ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

သြစတြေးလျ အိုးပန်းပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၁၇ ရက်မှာ ကျင်းပသွားမှာပါ။ ဆားဘီးယား သတင်းစာ Blic သတင်းမှာတော့ ဂျိုကိုဗစ်ဟာ ဆစ်ဒနီမှာ ကျင်းပမယ့် ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ နောက်ဆုံး သတင်း တွေအရ ဆားဘီးယား ကစားသမားဟာ ၂၀၂၂ ခုနှစ် ရာသီအဖွင့်ပွဲအတွက် သြစတြေးလျကို လာရောက်မှာ မဟုတ်ဘူးလို့ ဖော်ပြ ထားတာပါ။

ဂျိုကိုဗစ်ဟာ လက်ရှိအချိန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်း ရှိ၊မရှိကိုလည်း အတည်ပြုထားခြင်း မရှိတာကြောင့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။

ပုံ- ဂျိုကိုဗစ်ကိုတွေ့ရစဉ်။(aawsat)

သြစတြေးလျ အိုးပန်းပြိုင်ပွဲ အကြီးအကဲ တိုင်လေးက ဂျိုကိုဗစ်ဟာ ၂၀၂၂  ခုနှစ်ရာသီ ပထမဆုံး ဂရမ်းစလမ်း ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ မသေချာသေးဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ တိုင်လေးက သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ပါဝင်မယ့် ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ကာကွယ်ဆေး ထိုးထားရမှာဖြစ်ပြီး ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အဖွဲ့တွေက ခွင့်ပြု ထားတဲ့ ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်ရဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်ဖလားပြိုင်ပွဲကနေ ဆားဘီးယားအသင်း ထွက်ခဲ့ရပြီးနောက် ဂျိုကိုဗစ်က “ကျနော် ရာသီသစ် ဘယ်လို စတင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဖြေတချို့ လိုချင်နေတယ်ဆိုတာကို နားလည်ပါတယ်။ ဒီရာသီ တစ်နှစ်ပတ်လုံး အလွန်ပင်ပန်း နေ တာဖြစ်ပြီး မိသားစုနဲ့ အတူရှိနေရတာကို နှစ်သက်ပြီး ပြန်လည်ထူထောင်ရေးတွေ အပါအဝင် အနာဂတ်မှာ ဘာတွေ ဖြစ်မလဲ ဆိုတာ ကြည့်ရအောင်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျိုကိုဗစ်က “ခင်ဗျားတို့ ဘာလိုချင်လဲဆိုတာ ကျနော်သိပါတယ်။ ခင်ဗျားတို့ မေးချင်တာလဲ သိပါတယ်။ ခင်ဗျားတို့ကို အသိပေးမှာပါ။ ဒါပဲ ပြောနိုင်ပါတယ်။ ဘယ်နေ့ ပေးမလဲဆိုတာတော့ မပြောနိုင်သေးဘူး။ သြစတြေးလျပြိုင်ပွဲက အနီးဆုံး ဆိုတော့ သိပ်မကြာခင် သိရမှာပါ”လို့ ပြောခဲ့ပါသေးတယ်။

ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မက်ဗီးဒပ်ဖ်ကို အနိုင်ရပြီး သြစတြေးလျ အိုးပန်းချန်ပီယံဆုကို (၉)ကြိမ် မြောက် ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source: The Sun