၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆

အမ်စီဆိုင်ဒါ အသင်းမှာ ကစားနေတဲ့ အယ်လ်ဂျီးရီးယား ဘောလုံးသမား လော်ကာဟာ စနေနေ့က ကစားခဲ့တဲ့ ဒုတိယတန်း ပွဲစဉ်မှာ ဦးခေါင်းထိခိုက်မိပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့အသံလွှင့်ဌာန Radio Algerienne ရဲ့ ဖော်ပြချက်အရ လော်ကာဟာ ASM အော်ရမ်အသင်း ကစားသမားနဲ့ လေပေါ်မှာ ဘောလုံးကို ယှဉ်လုရာ မြေကြီးပေါ်ကို ဦးခေါင်းနဲ့ ကျခဲ့တာကြောင့် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်တယ်လို့ ပြောထားတာပါ။

ပထမပိုင်း ပွဲကစားချိန်အတွင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဆိုပါ ဒဏ်ရာကို ဆေးအဖွဲ့ရဲ့ အကူအညီနဲ့ ကုသမှုခံယူပြီးနောက် ကစားသမားဟာ ကွင်းထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာ အမ်စီဆိုင်ဒါ အသင်းကစားသမား လော်ကာဟာ ကွင်းထဲမှာ ပြန်လဲကျသွားခဲ့တာပါ။ ဆေးအဖွဲ့တွေက အသက်(၃၀)အရွယ်ရှိ လော်ကာကို အရေးပေါ်ကားနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ အသက်ဆုံးရှုံး သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်(၂)သင်းကတော့ လော်ကာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားအပြီးမှာ ပွဲကို ဆက်မကစားဖို့ ဆုံးဖြတ်ခဲ့ကြ တာပါ။ နိုက်စ်အသင်းမှာ ကစားနေတဲ့ လော်ကာရဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ အန်ဒီဒီလောဒ့်ကတော့ ကစားသမားရဲ့ မိသားစုနဲ့ အမ်စီဆိုင်ဒါ အသင်းဖော်တွေအတွက် ဝမ်းနည်းကြောင်းကို တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပုံ-လော်ကာသေဆုံးသွားသည့်အတွက် အသင်းဖော်တွေ ငိုကြွေးနေကြစဉ်။(Brand New Tube)

အမျိုးသားဘောလုံး အပျော်တမ်းလိဂ်(LNFA)ဥက္ကဋ္ဌ အလီမာလတ်ခ်ကတာ့ လော်ကာဟာ ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာ ဖြစ် ပြီး သူ့ရဲ့ ဆေးမှတ်တမ်းဟာ ဘာပြဿနာမှမရှိပဲ ပြီးပြည့်စုံတယ်လို့ ပြောထားပါတယ်။ ဒေသတွင်း သတင်းတွေမှာ လော်ကာ ဟာ ဦးခေါင်းထိခိုက်မိပြီး နှလုံးဖောက်ကာ သေဆုံးသွားခဲ့တာလို့ ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကစားသမားဟာ ဘယ်လို အခြေအနေတွေကြောင့် သေဆုံးသွားခဲ့လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ ဆိုရှယ်မီဒီယာပေါ်တွေမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေမှာတော့ အမ်စီဆိုင်ဒါ အသင်းရဲ့ ကစားသမားတွေဟာ လော်ကာ သေဆုံးတာကို ကြားသိရပြီးနောက် ငိုကြွေးနေကြတာကိုတွေ့ရပါတယ်။

အမ်စီဆိုင်ဒါ အသင်းဟာ အယ်လ်ဂျီးရီးယား ဒုတိယတန်း အနောက်အုပ်စု အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည် နေတဲ့ အသင်းဖြစ်ပါတယ်။ အမ်စီဆိုင်ဒါ အသင်းဟာ (၂၂)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၃၁)မှတ် ရရှိထားတဲ့ အသင်း တစ်သင်း လည်း ဖြစ်ပါတယ်။

Source: timeturk.com