၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြည်သူလူထုတွေအနေနဲ့ ကာကွယ်ဆေးထိုးတာ၊ Mask တပ်ဆင်တာ စတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ပရိသတ်တွေမပါဝင်တဲ့ ကွင်းကြီးထဲမှာ ပြန်ကစားရမှာကို စိုးရိမ် မိတယ်လို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာဟာ ပရိသတ်တွေမပါတဲ့ ပွဲတွေကို ထပ်ပြီး မကစားချင်တော့ဘူးလို့ ပြောထားပေမယ့် သူ့ရဲ့ ဇာတိ ဖြစ်တဲ့ စပိန်နဲ့ယှဉ်ရင် ဒီမှာက Mask မတပ်ဆင်တဲ့လူတွေ အများအပြားကိုတွေ့ရတဲ့အတွက် အနည်းငယ် တုန် လှုပ်မိတယ်လို့လည်း ပြောထားတာပါ။ မန်စီးတီးနည်းပြက လူတွေအနေနဲ့ သူတို့ရဲ့ အလေ့အထကို မပြောင်း လဲဘူးဆိုရင် ရောဂါဖြစ်ပွားမှုနှုန်းတွေ ဆက်လက်တိုးလာနိုင်တာကြောင့် ဘောလုံးလောကရဲ့ အန္တရာယ်တခုကို ၂၀၂၂ မှာ ကြုံတွေ့ရမယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဂွာဒီယိုလာ က “ကျနော် တံခါးပိတ်ပြီး ကစားရတာကို ထပ်ပြီး မလိုချင်တော့ပါဘူး။ လူတွေမပါဝင်ဘဲ ကစားရတာ ဘယ်လောက်ကွာခြားလဲဆိုတာကို စိတ်ကူးနဲ့တောင် တွေးလို့မရပါဘူး။ နှိုင်းစရာလည်း မရှိပါဘူး။ ဘောလုံး ကစားပြီး လစာတွေရလို့ ကျေးဇူးတင်ရပေမယ့် ဒီလိုမျိုးထပ်မဖြစ်ဖို့တော့ ကျနော်မျှော်လင့်ပါတယ်။ ဗြိတိန်မှာ သာမကပဲ ဘောလုံးပွဲတွေမှာ ဒီလိုဖြစ်ပွားမှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ မြင့်တက်နေတာ ဖြစ်ပါတယ်။ အားကစားကွင်းမှာရှိတဲ့လူတွေဟာ Mask တွေတောင် မတပ်ဆင်ချင်ကြတော့သလို သူတို့ကြောင့်လည်း ညစ်ညမ်း စေနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာ က “ကျနော့်အတွက် အံသြစရာကောင်းတာက ကုန်တိုက်ကိုသွားတာရယ်၊ မိသားစုအတွက် လက်ဆောင်ဝယ်လို့ရမယ့် နေရာကို သွားတဲ့အချိန်မှာ ဘယ်သူမှ Mask တောင် မတပ်ကြတော့ပါဘူး။ ဆေးသိပ္ပံ ပညာရှင်တွေက အစောကြီးကတည်းက Mask နဲ့ လက်သန့်ဆေးရည်ကို ဆောင်ထားရင် ဒါကို ကာကွယ်နိုင်တယ် လို့ ပြောထားပါတယ်။ ကာကွယ်ဆေးထိုးတာ၊ လက်သန့်ဆေးရည် အသုံးပြုတာ၊ လူစူလူဝေးမနေတာနဲ့ Mask တပ်ဆင်တာတွေကို ကျနော်တို့ ပြန်စလုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒီလိုနည်းနဲ့ စားသောက်ဆိုင်တွေ ဖွင့်ထားနိုင်သလို၊ ဘောလုံးပွဲတွေလည်း ဆက်လက်ပြီး ယှဉ်ပြိုင်နိုင်ပါတယ်” လို့ ပြောခဲ့တာပါ။

မန်စီးတီး အသင်းနည်းပြက အစွမ်းထက်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေကို ဆက်လက်ပြုလုပ်ဖို့လည်း လူတွေကို တိုက်တွန်းခဲ့ပါတယ်။

”ဒါက အလုံခြုံဆုံးဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးကြပါ။လူတွေအနေနဲ့ ကာကွယ်ဆေးထိုးရင် မသေနိုင်ပေမယ့်၊ မထိုးရင်တော့ သေသွားနိုင်ပါတယ်။ ကျနော်တို့ ဒါကိုလုပ်ဖို့ ကြိုးစားရပါမယ်။ ဒါမှမဟုတ်ရင် နောက်ထပ် အတား အဆီးတွေဖြစ်တဲ့ ဘောလုံးပွဲတွေကို တံခါးပိတ်ပြီး ကျင်းပရမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယား လိဂ်မှာ ကိုဗစ်ကူးစက်မှုတွေ ပြင်းထန်နေတာကြောင့် ပွဲစဉ်တွေအများအပြားကို ရွှေ့ဆိုင်းနေရတာဖြစ်ပေမယ့် ကျင်းပတဲ့ပွဲတွေမှာဆိုရင် ပရိသတ်တွေဟာ ကွင်းလုံးပြည့်လာရောက်အားပေးကြတာလည်းဖြစ်ပါတယ်။

Source: Daily Mail