CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးသတင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိထားဆဲ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာထားရသလို ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၃ ပွဲ ရှုံးနိမ့်ထားတာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ထားတဲ့ ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၃၄ မှတ်သာ ရယူပေးထားနိုင်ပြီး အသင်းရဲ့ အဆိုးရွားဆုံး နည်းပြစာရင်းထဲကို ရောက်ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် စာရင်း ပြုစုထားတယ်လို့ ဘရန်ဖို့ဒ်အသင်း ကို အရေးနိမ့်ပြီးနောက် သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က နည်းပြအာမိုရင်ကို ထောက်ခံမှုပေးထားပြီး ရာသီအပြည့် ကိုင်တွယ်ပြီးမှသာ အကဲဖြတ်တာက မျှတတယ်လို့ ယူဆထားတာပါ။
ယူနိုက်တက်နဲ့ဘရန်ဖို့ဒ် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက် သတင်းရင်းမြစ်တွေကလည်း ကလပ်အသင်းဟာ နည်းပြအာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် စာရင်း ပြုစုထားခြင်းမရှိဘူးလို့ ပြောထားပါတယ်။
အာမိုရင်ကတော့ သူဟာ သူ့ရဲ့အလုပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိသလို ဒီမှာရှိနေချိန်အတွင်း အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်း နောက်ခံလူ ဒီလစ်က ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လုံလောက်မှု မရှိခဲ့ကြောင်းနဲ့ နည်းပြအာမိုရင် တစ်ဦးတည်းအပေါ် အပြစ်ပုံချတာဟာ မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ အဆင့် ၁၄ နေရာ ရပ်တည်နေပြီး လာမယ့် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းအနေနဲ့ ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်မကောင်းခဲ့ရင် နည်းပြအာမိုရင်ရဲ့ အနာဂတ်ဟာ ပိုပြီးလှုပ်ခတ်လာနိုင်တယ်လို့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေက မှတ်ချက်ပြုထားတာ ဖြစ်ပါတယ်။
Source: Dailymail