CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ထိပ်တန်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ကွင်းလယ်ခံစစ်နေရာအပြင် ဗဟိုနောက်ခံလူ အဖြစ်လည်း ကစားနိုင်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ကလပ် PDRM အသင်းကနေ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ပြီး ကစားမှာပါ။

ကျော်မင်းဦးဟာ PDRM အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၄၉ ပွဲမှာ ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

တီရန်ဂါနူးအသင်းက ကျော်မင်းဦး အသင်းထံ ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ကြောင်း ကြေညာခဲ့ပြီး သူဟာ အသင်းရဲ့ ကွင်းလယ်နဲ့ခံစစ်ကို ပိုပြီးအားကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ကျော်မင်းဦးကို တွေ့ရစဉ်

ကျော်မင်းဦးကလည်း တီရန်ဂါနူးအသင်းနဲ့အတူ စိန်ခေါ်မှု အသစ်တွေ စတင်ဖို့ စိတ်လှုပ်ရှားနေပြီး အခုရာသီမှာ အသင်းသတ်မှတ်ထားတဲ့ ပစ်မှတ်တွေ အောင်မြင်အောင် ကူညီပေးမယ်လို့ ပြောခဲ့ကြောင်း အသင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ 

တီရန်ဂါနူးအသင်းဟာ ဒီရာသီ မလေးရှား စူပါလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ 

ကျော်မင်းဦးဟာ အောက်တိုဘာ ၃ ရက်မှာ ကစားမယ့် ကီလန်တန်အသင်းနဲ့ပွဲစဉ်မှာ တီရန်ဂါနူးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။ 

ကျော်မင်းဦးဟာ ဒီပွဲပြီးရင် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး ဆီးရီးယားအသင်းနဲ့ အာရှဖလားခြေစစ်ပွဲ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။ 

Source: terengganufc