CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို ဂျုဗင်တပ်စ်ကို ရောက်လာခဲ့တာဟာ အသင်းရဲ့ စည်းလုံးညီညွတ်မှု ဆုံးရှုံးသွားခဲ့ တယ်လို့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်က ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်က ရီးရယ်လ်ကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဘူဖွန်ဟာ ရော်နယ်ဒို တူရင်ကို ရောက်တဲ့အချိန်မှာ ပီအက်စ်ဂျီအသင်းက်ို ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာ ဘူဖွန် ဂျုဗင်တပ်စ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူ(ဘူဖွန်)ရောက်ရှိလာတဲ့ အချိန်မှာတော့ ကလပ်အသင်းက ပြောင်းလဲသွားပြီလို့ ပြောခဲ့တာပါ။

ဂျုဗင်တပ်စ် အသင်းဟာ ချန်ပီယံလိဂ် ရယူချင်တာကြောင့် ရော်နယ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် ပေါ်တူဂီ ကစားသမားဟာ ဒီလိုအောင်မြင်မှု ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း စီးရီးအေဖလားကို လက်လွှတ်ခဲ့ရတာပါ။

ပုံ- ဘူဖွန်နဲ့ရော်နယ်ဒိုကိုတွေ့ရစဉ်။(Ronaldo)

ဘူဖွန်က “ဂျုဗင်တပ်စ် အသင်းဟာ သူရောက်လာတဲ့ ပထမနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျနော်ဟာ ပီအက်စ်ဂျီအသင်းမှာ ရှိနေခဲ့တာပါ။ နောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ ကျနော် မသိတော့ပါဘူး။ ကျနော် ပြန်ရောက်လာပြီး ရော်နယ်ဒိုနဲ့ ၂ နှစ်ကြာ အတူတွဲ အလုပ်လုပ်ခဲ့ပါတယ်။ ကောင်းမွန်စွာလည်း အလုပ်လုပ်နိုင်ခဲ့ပါ တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဘူဖွန်က “ ဒါပေမယ့် ဂျုဗင်တပ်စ် အသင်းဟာ အသင်းတစ်သင်းရဲ့ DNA ဆုံးရှုံးသွားတယ်လို့ ကျနော် ထင်ပါတယ်။ ၂၀၁၇ မှာ ဂျုဗင်တပ်စ် အသင်းဟာ အတွေအကြုံပြည့်တဲ့ အသင်းဖြစ်တဲ့အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပါ တယ်။ အလွန်တောင့်တင်းမှုလည်း ရှိခဲ့ပေမယ့် ရော်နယ်ဒို ရောက်လာတာနဲ့အတူ ဒါကို ဆုံးရှုံးခဲ့ရပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ နည်းပြဟောင်း အယ်လီဂရီ အသင်းကို ပြန်ရောက်လာပြီးနောက် အသင်းက ထွက်ခွာခဲ့တာဟာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ဘူးလို့လည်း သိရပါတယ်။

အယ်လီဂရီက အသင်းအနေနဲ့ ရော်နယ်ဒိုကို အသင်းကနေ ဖယ်ရှားသင့်တယ်လို့ အသင်းအကြီးအကဲဖြစ်တဲ့ အက်ဂါနုယ်လီ ကို ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အယ်လီဂရီက “ရော်နယ်ဒိုကို ဖယ်ထုတ်လိုက်ပါ။ သူဟာ အသင်းနဲ့ ကလပ်အတွက် တိုးတက်မှုတွေကို ပိတ်ဆို့နေတယ်”လို့ ပြောခဲ့တာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဂျုဗင်တပ်စ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက် တက် အသင်းကို ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာတော့ ၁၈ ပွဲကစားကာ ၁၃ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။

Source: The Sun