CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ဒေးဗစ်ဘက်ခမ်းရဲ့ သားဖြစ်သူ ရိုမီယိုဟာ ပူးမားနဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ်ရှိ ရိုမီယိုဟာ ဖောဒ့်လော်ဒါဒေးနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဒုတိယရာသီကို ဖြတ်သန်းဖို့ ပြင်ဆင်နေတာပါ။ ဖောဒ့်လော်ဒါဒေး အသင်းဟာ USL လိဂ်ဝမ်းမှာ ကစားနေတာဖြစ်ပြီး မေဂျာ လိဂ်ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ အရန်အသင်းလည်းဖြစ်ပါတယ်။ ဒီ အသင်းတွေကို ရိုမီယိုရဲ့ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းက ပိုင်ဆိုင်တာပါ။

ရိုမီယိုဟာ အားကစားလောကရဲ့ ကြီးမားတဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ပူးမားနဲ့ လတ်မှတ်ထိုးခဲ့ပြီးနောက် လာမယ့် ရာသီမှာ ပူးမားရဲ့ Future Z 1.2 ဘောလုံးကန်ဖိနပ်ကို ဝတ်ဆင်မှာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကြီး ကြယ်ပွင့် နေမာလည်း ဒီ ဖိနပ်ကို ဝတ်ဆင်မှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားတာပါ။

ရိုမီယိုက" Future Z ဖိနပ်ဟာ ကျနော်ရဲ့ပွဲစဉ်နဲ့လည်း ကိုက်ညီမှုရှိပါတယ်။ သူဟာ ပေါ့ပါးတာကြောင့် ကျနော်ရဲ့ အရှိန်အဟုန်နဲ့ တက်ကြွမှုကို အသုံးချနိုင်ပါတယ်။ ဒါ့အပြင် သူဟာ ဘောလုံးကိုလည်း ကောင်းမွန်စွာ ထိန်းထား နိုင်တာကြောင့် လိမ်ခေါက်ပြီး ထိထိရောက်ရောက်နဲ့ ကျော်ဖြတ်သွားနိုင်မှာပါ"လို့ ပြောပါတယ်။

ဒါ့အပြင် ရိုမီယိုက “ကျနော်ရဲ့ ဖက်ရှင်နဲ့ ဘောလုံးဝါသနာကို ပေါင်းစပ်ထားတဲ့ ဒီ ဖိနပ်ရဲ့ အရောင်တွေကို ကျနော်နှစ်သက်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ နေမာနဲ့ပတ်သက်ပြီးတော့လည်း ရိုမီယိုက “ နေမာဟာ အံသြဖွယ်ကောင်းတဲ့သူဖြစ်ပြီး သူ့ရဲ့ကစားပုံကိုကြည့်ရတာ နှစ်သက်ပါတယ်။ ကျနော် ပူးမားဝတ်ဆင်ထားတဲ့ အချိန်မှာ သူက မက်ဆေ့ပို့ခဲ့ပြီး ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ နေ့တနေ့ပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ ညာတောင်ပံကစားသမား ရိုမီယိုဟာ ပြီးခဲ့တဲ့ရာသီက ဖော်ဒ့်လော်ဒါဒေး အသင်းအတွက် (၆) ပွဲ ပါဝင်ကစားထားခဲ့ ပေမယ့် ဂိုးသွင်းယူခြင်းတော့ မရှိသေးပါဘူး။

ရိုမီယိုဟာ သူ့ဖခင်ဖြစ်သူရဲ့ အောင်မြင်မှုနဲ့ ကိုက်ညီနိုင်ဖို့အတွက်တော့ သွားရမယ့်ခရီးက အရှည်ကြီး ကျန်ရှိနေ သေးတာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလား အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့သူပါ။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်အတွင်း ဆာအဲလက်စ်ဖာဂူဆန် ကြီးစိုးထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရိုမီယို က “အွန်နရီ ဟာ ကျနော်အနှစ်သက်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူသွင်းယူခဲ့တဲ့ ဂိုးတချို့က မယုံနိုင်စရာပါပဲ။ ကျနော် လိုချင်တဲ့ ကစားသမား(၂)ဦး ရဲ့ အရည် အသွေးတွေကတော့ အဖေနဲ့ အွန်နရီ ဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source: The Sun