CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား မက်ဆီဟာ ခရစ္စမတ်ပွဲတော် ဆင်နွှဲဖို့အတွက် ဇာတိဖြစ်တဲ့ အာဂျင်တီးနားကို ပြန်ခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
မက်ဆီနဲ့အတူ အသင်းဖော်တွေဖြစ်တဲ့ အိုင်ကာဒီနဲ့ ဒီမာရီယာတို့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လီဂူးဝမ်းဟာ ဆောင်းရာသီ အားလပ်ရက် ပေးခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ လာမယ့်ပွဲစဉ်ဟာ ဇန်နဝါရီလ ၉ ရက်မှ လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပီအက်စ်ဂျီအသင်းဟာ နှစ်သစ်မှာ ဗန်နက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် မက်ဆီနဲ့ အဓိက ကစားသမားအချို့ကိုတော့ အနားပေးဖွယ်ရှိနေတာ ဖြစ်ပါတယ်။
မက်ဆီ၊ ဒီမာရီယာနဲ့ အိုင်ကာဒီတို့ ၃ ဦးဟာ လော်ရီးယန့် အသင်းနဲ့ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပွဲစကတည်းက ပါဝင်ခဲ့ကြတာဖြစ်ပြီး အိုင်ကာဒီက ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပီအက်စ်ဂျီအတွက် ချေပဂိုးသွင်း ယူပေးခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာကနေ ရောက်ရှိလာတဲ့ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းအတွက် လီဂူးဝမ်းပြိုင်ပွဲမှာ အသား ကျဖို့ ရုန်းကန်နေရပြီး သွင်းဂိုး ၁ ဂိုးသာ ရရှိထားတာ ဖြစ်ပါတယ်။ အာဂျင်တီးနား ကစားသမားဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ၁၆ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားတာပါ။
ပုံ-မက်ဆီရဲ့ပုံတူ ပန်းချီကိုတွေ့ရစဉ်(The Sun)
မက်ဆီဟာ အာဂျင်တီးနားကို ပြန်ခဲ့တာကြောင့် သူ့ဇာတိမြို့ ရိုဆာရီယိုမှာ မကြာသေးခင်က ထုတ်ဖော်ပြသခဲ့တဲ့ သူ့ရဲ့ပုံတူ နံရံရေဆေး ပန်းချီကားကို မြင်တွေ့ခွင့်ရမှာလည်း ဖြစ်ပါတယ်။ အမြင့် ၁၀၀ ပေရှိတဲ့ မက်ဆီရဲ့ ဒီပုံမှာ ကစားသမားဟာ အာဂျင်တီးနား ဂျာစီပေါ်မှာ သူ့နှလုံးကို လက်နဲ့ ဖိထားတာဖြစ်ပါတယ်။
မက်ဆီဟာ အခုနှစ်ထဲမှာ အာဂျင်တီးနား အသင်းကို ကိုပါအမေရိကဖလား ချန်ပီယံဆုရယူနိုင်အောင် အဓိက စွမ်းဆောင် ပေးနိုင်ခဲ့တာပါ။
ဒီချန်ပီယံဖလားဟာ မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝ ပထမဆုံး ချန်ပီယံဆုဖလားလည်း ဖြစ်ခဲ့ပါ တယ်။ အာဂျင်တီးနား အတွက်လည်း ၁၉၉၃ နောက်ပိုင်း ပထမဆုံး ကိုပါအမေရိကဆုဖလားကို ရယူနိုင်ခဲ့တာပါ။
မက်ဆီအနေနဲ့ လက်ရွေးစင်အသင်းကို ချန်ပီယံဆုဖလား ရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အခုနှစ် ဘောလွန်းဒီ အောဆု ပေးပွဲမှာ ဒီဆုကို စံချိန်တင် ၇ ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်အသင်း ဟာ အခုနောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရယူနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ထားတာ ဖြစ်ပါတယ်။
Source: The Sun