၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ဗီယက်နမ် အသင်းနည်းပြ ပတ်ဟန်ဆိုး က ထိုင်းအသင်းနဲ့ ကစားခဲ့တဲ့ အာဆီယံဆူဇူကီးဖလားအကြိုဗိုလ်လုပွဲ ပထမ အကျော့ပွဲ စဉ်မှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ စိတ်ပျက်စရာဆုံးဖြတ်ချက်တွေအပေါ် စိတ်ဆိုး ဒေါသဖြစ်နေတယ် လို့ ပြောဆိုလိုက်ပါတယ်။
အာဆီယံဆူဇူကီးဖလား လက်ရှိချန်ပီယံဖြစ်တဲ့ ဗီယက်နမ်အသင်းဟာ ဒီပွဲမှာ ထိုင်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ဗီယက်နမ် အသင်းဟာ ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက် အတော်လေးနည်းသွားခဲ့တာပါ။ ထိုင်းအသင်းအတွက် (၂)ဂိုးလုံး ကို ချာနာသစ် က သွင်းယူခဲ့တာလည်း ဖြစ်ပါ တယ်။
ဒီပွဲရဲ့ ပွဲပြီးခါနီးမှာ ထိုင်းအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ချာနာသစ်ကန်ချက်ကို ဗီယက်နမ် ဂိုးသမား ကာကွယ် နိုင်ခဲ့တာကြောင့် ထိုင်းအသင်း နောက်ထပ်သွင်းဂိုးရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ရတာပါ။ ပတ်ဟန်ဆိုးကတော့ ဗီယက်နမ် အသင်း ရနိုင်မယ့် ပင်နယ်တီတွေ မပေးခဲ့တာအပါအဝင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကိုပါ ဒေါသ ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးအဖြစ် ကာတာလူမျိုး ဆက်ဒ်အယ်လ်အဒ်ဘာ က ကိုင်တွယ်ခဲ့တာ ဖြစ်ပါ တယ်။ ဒုတိယပိုင်းမှာ ဗီယက်နမ် ကစားသမား ငုယင်ကွမ်ဟိုင် ဟာ ထိုင်းအသင်း ပင်နယ်တီ ဧရိယာအတွင်းမှာ ထိခိုက်မိပြီး လဲကျခဲ့ပေမယ့် ဒိုင်လူကြီးက ပွဲကိုဆက်ကစားစေခဲ့တာပါ။
ဒါ့အပြင် ဘောလုံးက ထိုင်းကစားသမားရဲ့ လက်ကိုထိခဲ့တဲ့ အချိန်မှာလည်း ပြစ်ဒဏ်အဖြစ် သတ်မှတ်မပေးခဲ့ ပါဘူး။ ဗီယက်နမ်မီဒီယာ VN Express ရဲ့ဖော်ပြမှုအရ ပွဲအပြီးသတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ နည်းပြ ပတ်ဟန်ဆိုးက မကျေနပ်တာတွေကို ပြောသွားခဲ့တာပါ။ ပတ်ဟန်ဆိုးက “ကျနော် ဒိုင်လူကြီး အကြောင်း ကို ထပ်ပြီး မပြောချင်တော့ပါဘူး။ အခွင့်ရေးရမယ်ဆိုရင် ဒိုင်လူကြီးအနေနဲ့ ဒီပွဲကို ပြန်ပြီးကြည့်စေချင်ပါတယ်။ ကျနော် ပွဲစီစဉ်ကျင်းပတဲ့ကော်မတီကို အကြံပြုချင်ပါတယ်။ ဘောလုံးလောကရဲ့ ယေဘုယျလမ်းကြောင်းကို မိတ်ဆက်တာဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ပတ်ဟန်ဆိုးက “ဆူဇူကီးဖလားဆိုတာ အရှေ့တောင်အာရှကမ္ဘာ့ဖလားလို့ ပြောလို့ရတဲ့ အရေးကြီးတဲ့ ပွဲဖြစ်ပြီး စပွန်ဆာတွေလည်းအများကြီး ရရှိပါတယ်။ VAR ကို မိတ်ဆက်ရမှာပါ။ အဲဒါကြောင့် ဒီပြဿနာကို ဖြေရှင်းရမှာပါ”လို့ ပြောခဲ့တာပါ။ ဗီယက်နမ် အသင်းဟာ ဆူဇူကီးဖလားချန်ပီယံဆုကို (၂) ကြိမ်ဆက်တိုက် ရယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗီယက်နမ် အသင်းအနေနဲ့ ဆူဇူကီးဖလားကို (၂၀၀၈)နဲ့ (၂၀၁၈)တွေမှာ (၂) ကြိမ်ရယူထားတာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့ပွဲစဉ်ကို ဒီဇင်ဘာ(၂၆)ရက် မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲ နောက်ထပ်ပွဲစဉ်မှာတော့ စင်ကာပူနဲ့ အင်ဒိုနီးရှား အသင်းတို့ တဖက်(၁)ဂိုးစီ သရေကျခဲ့တာလည်း ဖြစ်ပါတယ်။
Source: newsdirectory