CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃

စပါးအသင်းတောင်ပံကစားသမား လူးကပ်စ်မော်ရာဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ ဇနီးဖြစ်သူအတွက်လို့ ပြောလိုက်ပါတယ်။

လူးကပ်စ်မော်ရာဟာ သူတို့ ၂ ဦးရဲ့ မင်္ဂလာနှစ်ပတ်လည် ၅ နှစ်ပြည့် မတိုင်ခင်မှာ စပါးအသင်းအတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာပါ။ စပါးအသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲကို တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းဖလား ဗိုလ်လုပွဲတက်ခဲ့ပြီး မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာပါ။ လာမယ့် ကာရာဘောင်းဖလား အကြိုဗိုလ်ပွဲမှာ စပါးအသင်းဟာ လန်ဒန်ကလပ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နှစ်ကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ လူးကပ်စ်မော်ရာဟာ ဒီရာသီ အသင်း အတွက် သွင်းဂိုး ၄ ဂိုး သွင်းယူပေးထားတာပါ။ ဘရာဇီးလ် ကစားသမားဟာ ပွဲအပြီး အင်တာဗျူးမှာ သူ့ရဲ့ လက်တွဲဖော်ဖြစ်တဲ့ လာရီဆာဆတ်နဲ့ မင်္ဂလာနှစ်ပတ်လည် (၅)နှစ်ပြည့် အကြောင်းကိုပါ ထည့်သွင်းပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပုံ-လူးကပ်စ်မော်ရာကိုတွေ့ရစဉ်။(The Sun)

လူးကပ်စ်မော်ရာက “ဒီ ဒါဘီနိုင်ပွဲက အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ ဒါဟာ ကျနော်တို့ အနိုင်ရနိုင်တဲ့ ပြိုင်ပွဲပါ။ အခု အချိန်မှာ ကျနော်တို့ အလွန် တောင့်တင်းနေပြီး ကျနောတို့ရဲ့ ဆန္ဒကလည်း ဒီဆုဖလားကို ရယူနိုင်ဖို့ပါပဲ။ အလွန်၊ အလွန် ကောင်းပါတယ်။ ဒီသွင်းဂိုးက ကျနော့်အတွက်ရော ကျနော့်မိန်းမအတွက်ပါ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ မနက်ဖြန် ဆိုရင် ကျနော်တို့ ၅ နှစ်ပြည့်ပါပြီ။ ကျနော်တို့ အလွန်ပျော်ပါတယ်။ ဒီဂိုးဟာ သူ့အတွက်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လူးကပ်စ်မော်ရာနဲ့ သူ့ရဲ့ ဇနီးသည်တို့ဟာ တစ်ဦးနဲ့တစ်ဦး သိတာ ပိုမိုကြာမြင့်ပြီ ဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်မှာ တရားဝင် တွဲခဲ့ ကြတာပါ။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှာတော့ သူတို့ ၂ ဦးဟာ သားဖြစ်သူ မီဂွဲလ်ကို မွေးဖွားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာမှာ တော့ ဒုတိယမြောက် သားဖြစ်သူ ပတ်ဒရရိုကို မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ မကြာသေးခင်က ကိုဗစ်ဖြစ်ပွားမှုဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး ပွဲစဉ်တွေ ရွှေ့ဆိုင်းခဲ့ရတာပါ။ စပါး အသင်း ဟာ ရီးနတ်စ်အသင်းနဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာကြောင့် ယူအီးအက်ဖ်အေဟာ မကြာသေးခင်က ရီးနတ်စ် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ပေးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်မှ ပြန်လည်ယှဉ်ပြိုင်နိုင်ခဲ့တာ ဖြစ်ပြီး တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီဇင်ဘာ ၂၆ ရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေစ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun