CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
ဆီဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်က သူ့ရဲ့ အသက်အရွယ်နဲ့ ကြံ့ခိုင်မှုအပေါ်မှာ သံသယရှိတဲ့ သူတွေကို တုံ့ပြန်ခဲ့ပြီး အသင်းအတွက် ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေ ရယူပေးမယ်လို့ ကတိ ပြုခဲ့ပါတယ်။
ဆန်းချက်ဇ်က “ကျနော်ဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်မှု ယူဆောင်ပေးဖို့ ကျနော် ဒီမှာရှိနေတာပါ။ ကွင်းထဲမှာ တန်ဖိုးကို သက်သေပြသနိုင်မယ်လို့ ကျနော်ထင်ပြီး အသက်ဆိုတာ ကိန်းဂဏန်းတစ်ခု ဖြစ်ပါတယ်။ ကျနော်ဟာ အမြဲတမ်း အနိုင်ရဖို့ ဆန္ဒပြင်းပြနေပြီး ဆီဗီလာ အသင်းကို လာခဲ့တာလည်း ဆုဖလားတွေ ရယူနိုင်အောင် တိုက်ပွဲဝင်ဖို့ပါ”လို့ ကလပ်မီဒီယာကို ပြောခဲ့တာပါ။
ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့ အူဒီးနီးစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဆီဗီလာအသင်းထံ တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဆီဗီလာအသင်းဟာ လာမယ့် ဒီဇင်ဘာဆိုရင် အသက် ၃၇ နှစ်ပြည့်တော့မယ့် ဆန်းချက်ဇ်ကို ကျောနံပါတ် ၁၀ ပေးခဲ့ပြီး ရုန်းကန်နေရတဲ့ အသင်းတိုက်စစ်အတွက် သွင်းဂိုးတွေနဲ့ ဦးဆောင်မှုတွေ ပြုလုပ်ဖို့ တာဝန်ပေးခဲ့တာပါ။
ဆန်းချက်ဇ်ကို တွေ့ရစဉ်
ဆန်းချက်ဇ်ဟာ သူ့ရဲ့အသက်အရွယ်နဲ့ လက်ရှိကြံ့ခိုင်မှု အခြေအနေတွေကြောင့် ဆီဗီလာအသင်းမှာ ကောင်းမွန်စွာ လုပ်ဆောင် နိုင်ပါ့မလားဆိုပြီး သံသယဝင်သူတွေကလည်း အများအပြား ရှိနေပါတယ်။
ဆီဗီလာအသင်း နည်းပြသစ် အယ်လ်မေဒါရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပူးပေါင်းခဲ့တဲ့ ဆန်းချက်ဇ်က သူဟာ ဆာလောင်မှုနဲ့ အရည်အသွေးတွေ ရှိနေသေးတယ်လို့ ပရိသတ်တွေကို အာမခံခဲ့တာပါ။
ဆန်းချက်ဇ်ဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီး ကစားမယ့် အယ်လ်ချီအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဆီဗီလာအသင်း အတွက် ပွဲဦးထွက် ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆီဗီလာအသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal