CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
ဗင်နီဇွဲလားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် သူ့ရဲ့နောက်ဆုံး အိမ်ကွင်းပြိုင်ပွဲ ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီက အိမ်ကွင်း ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်သွားခဲ့ပါတယ်။
မက်ဆီက “ခံစားချက်တွေ အများကြီးရှိခဲ့ပြီး ဒီလိုမျိုးကို ကွင်းထဲမှာ အများကြီး ကြုံတွေ့ခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေနဲ့ အာဂျင်တီးနားမှာ ကစားရတာကို ကျနော် အမြဲတမ်း ပျော်ရွှင်ပါတယ်။ ဒီနေရာမှာ ဒီလိုပုံစံမျိုးနဲ့ အဆုံးသတ်ဖို့က ကျနော် အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့အရာပါ။ ဒီနေ့ကတော့ ဒီနေရာမှာ အမှတ်ရဖို့ကောင်းတဲ့ နောက်ဆုံးအရာတွေထဲတစ်ခုပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အာဂျင်တီးနား ပရိသတ်တွေဟာ ဒီပွဲမတိုင်မီမှာ “အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ကျနော်တို့ရဲ့ အသင်းခေါင်းဆောင်”ဆိုပြီး ရေးသားထားတဲ့ စာတန်းတွေကို ကွင်းအတွင်းမှာ ချိတ်ဆွဲထားခဲ့ကြပါတယ်။
အာဂျင်တီးနား ပရိသတ်တွေကို တွေ့ရစဉ်
မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားဖို့ ဆန္ဒရှိပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ကို နေ့တိုင်းစောင့်ကြည့်မှုတွေ ပြုလုပ်သွားရမယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် အာဂျင်တီးနားအသင်းအတွက် ၁၉၄ ပွဲ ကစားထားပြီး ၁၁၄ ဂိုး သွင်းယူကာ နိုင်ငံအသင်းရဲ့ ပွဲအရေအတွက် အများဆုံးနဲ့ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေ တာပါ။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ နောက်ဆုံး ခြေစစ်ပွဲအဖြစ် အီကွေဒေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကိုတော့ အသင်းခေါင်းဆောင်မက်ဆီ ပါဝင်မှာမဟုတ်ပါဘူး။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေ ပြီးဆုံးဖို့ ၁ ပွဲသာ ကျန်ရှိတော့ချိန်မှာ အာဂျင်တီးနား အသင်းနဲ့အတူ ဘရာဇီးလ်၊ ဥရုဂွေး၊ အီကွေဒေါ၊ ကိုလံဘီယာနဲ့ ပါရာဂွေးအသင်းတို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။
Source: ESPN