၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁

စပိန်နိုင်ငံက La Palma မီးတောင်ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်ခဲ့ရသူတွေကို ကူညီဖို့အတွက် ရော်နယ်ဒိုဟာ သူ လက်မှတ် ရေးထိုးထားတဲ့ ကျောနံပတ် (၇)ဂျာစီကို လေလံ တင်လိုက်တယ်လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။

စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ကာနာရီ ကျွန်းပေါ်မှာရှိတဲ့ အဆောက်အဦး ၃၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၇၀၀၀ ကျော်ဟာလည်း သူတို့နေအိမ်ကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီ အိမ်ကွင်းဂျာစီမှာ သူ့ရဲ့ လက်မှတ် ရေးထိုးထားခဲ့တာဖြစ်ပြီး ကျွန်းသူ ကျွန်းသား တွေနဲ့အတူ စည်းလုံးညီညွှတ်မှုဆိုပြီး စာရေးသားခဲ့တာပါ။

ရော်နယ်ဒိုက လှပတဲ့ ကျွန်းအတွက် ကျနော်တို့ ပံ့ပိုးမှုအားလုံးကို ပြုလုပ်သွားမှာပါလို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဂျာစီ လေလံတင်မှုဟာ ခရစ္စမတ်အကြိုနေ့မှာ စတင်မှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ပြီးဆုံးမှာပါ။ ဒီလေလံ ဆွဲတာကနေ ရရှိတဲ့ ဝင်ငွေအားလုံးဟာ ဒီမီးတောင်ပေါက်ကွဲမှုမှာ ဘေးဒဏ်သင့်ခဲ့တဲ့ သူတွေဆီ တိုက်ရိုက် ရောက်ရှိသွားမှာ ဖြစ်တယ်လို့ ကာဒီနာဆားက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပုံ-ရော်နယ်ဒိုကိုတွေ့ရစဉ်။(Euro Anime)

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ကိုဗစ်စတင်တဲ့အချိန်က ပေါ်တူဂီမှာရှိတဲ့ ဆေးရုံတွေကို ပေါင် ၈၅၀၀၀၀ ပေးအပ်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ နောက်ဆုံး ပရဟိတ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဒီမီးတောင် ပေါက်ကွဲမှုဟာ La Palma မှာ ဖြစ်ခဲ့ဖူးသမျှထဲမှာ အရှည်ကြာဆုံးဖြစ်ခဲ့ပြီး မကြာသေးခင်က သတင်းတွေ အရ တော့ မီးတောင်ရဲ့ ပေါက်ကွဲမှုဟာ နောက်ဆုံးမှာ ရပ်တန့်သွားခဲ့ပြီလို့ သိရပါတယ်။ ရော်နယ်ဒိုကတော့ ဒီပေါက်ကွဲမှုမှာ ဘေးဒဏ် ခံစားခဲ့ရတဲ့ သူတွေကို တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ အခုလို စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ မန်ယူအသင်းဟာ ကိုဗစ်ကူးစက်မှု ဖြစ်ပွားနေတာကြောင့် ပွဲစဉ် (၂)ပွဲ ရွှေ့ဆိုင်းခဲ့ရတဲ့အတွက် ကစားသမားဟာ ပွဲမကစားရတာ ၁၀ ရက်ကျော်ပြီလည်း ဖြစ်ပါတယ်။ အသက်(၃၆) နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ယူ အသင်း အတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၁၃ ဂိုး သွင်းယူထားကာ ခြေစွမ်းပြသနေတာပါ။

မန်ယူအသင်းဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာလည်း ဖြစ်ပါတယ်။

Source: Daily Mail