CNI Sport News

 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာ က ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူမယ့် သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ဘိုင်ယန် မြူးနစ်အသင်းလည်း အပါအဝင်ဖြစ်ပြီးအသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ဖြစ်တဲ့ လီဝန်ဒေါစကီးရဲ့နေရာမှာ ကာလရှည် အစားထိုးဖို့ ပစ်မှတ်ထားနေခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် အသင်း ဥက္ကဋ္ဌကတော့ ဒါကို ငြင်းဆန်သွားခဲ့ တာဖြစ်ပါတယ်။

ဟားဘတ်ဟိုင်နာ က ရုပ်သံဖြစ်တဲ့ Sport1 နဲ့ တွေ့ဆုံရာမှာ “ဘိုင်ယန်အသင်းက ဟာလန်းကို ခေါ်ယူမှာ မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာ လီဝန်ဒေါစကီး ရှိလို့ပါပဲ”လို့ ပြောခဲ့တာပါ။ ပိုလန်တိုက်စစ်မှူး ဟာ လာမယ့်နှစ် သြဂုတ်လမှာ အသက်(၃၄) နှစ်ပြည့်တော့မှာဖြစ်ပြီး အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃) မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိ ဟာလန်းနဲ့ ဒေါ့မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်ထဲမှာ ပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေးကြောင့် ဒီ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာနိုင်တာလည်းဖြစ်ပါတယ်။

ဂျာမန်ကလပ်နဲ့ ဟာလန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၈၀)ဝန်းကျင်ဟာ ဒီ ရာသီအကုန်မှာ အသက်ဝင်တော့မှာပါ။(၂၀၂၀) ဇန်နဝါရီက ဆဲလ်ဘတ်အသင်းကနေ ရောက်ရှိလာတဲ့ ဟာလန်း ဟာ ဒေါ့မွန်အသင်းအတွက် (၇၅) ပွဲ ပါဝင်ကစားပြီး (၇၆) ဂိုးသွင်းယူထားကာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ် မှူး တွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက သူ့ရဲ့ ကစားသမားဟာ ဒီ ရာသီအကုန်မှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ အကောင်းဆုံး အခွင့်အရေး ရှိတယ်လို့ မကြာသေးခင်က ပြောထားတာပါ။

ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ဟာ ဟာလန်းပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့ အသင်းတွေ ဖြစ်တယ်လို့လည်း ရွိုင်အိုလာက ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ကတော့ လီဝန် ဒေါစကီးနဲ့ အလုပ်လုပ်နေရတာကို အလွန်ပျော်ရွှင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့တာပါ။ လီဝန် ဒေါစကီးဟာ ဒီ ရာသီ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်အတွက် (၁၉) ဂိုးသွင်းယူထားပြီး ဝုလ်ဖ်ဘတ်ကို အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းကာ ပြက္ခဒိန်တနှစ်အတွင်း (၄၃)ဂိုးနဲ့ စံချိန်သစ်တင်ထားတာဖြစ်ပါတယ်။

ဟားဘတ်ဟိုင်နာ က “လီဝန်ဒေါစကီးဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး ဂိုးတွေသွင်းနိုင်ဖို့လည်း အာမခံ ချက်ရှိလို့ အသင်းမှာ သူရှိနေတာကိုက ကျနော်တို့အတွက် အလွန်ပျော်ရွှင်ဖို့ ကောင်းပါတယ်။သူ့ရဲ့ ကစားသမား ဘဝကို ဒီမှာပဲ အဆုံးသတ်မယ်ဆိုရင် ကျနော် ပျော်ရွှင်မှာပါ”လို့ ပြောခဲ့ပါတယ်။

Source: besoccer