CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀
နာမည်ကျော် တရုတ်တင်းနစ်မယ် Peng Shuai က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။ တရုတ်ထိပ်တန်းခေါင်းဆောင် တစ်ဦးက သူမကို လိင်ဆက်ဆံဖို့ အတင်းအကြပ် ခိုင်းစေခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် သူမရဲ့ ပထမဆုံး အင်တာဗျုးမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
Peng Shuai ဟာ ဒီလိုစွပ်စွဲမှုတွေကို အွန်လိုင်းပေါ်မှာ တင်ပြီးနောက်ပိုင်းမှာပဲ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့တာပါ။ သူမက နားလည်မှု လွဲမှားတွေ အများအပြား ရှိခဲ့တယ်လို့ ပြောထားပါတယ်။
အမျိုးသမီးတင်းနစ်အဖွဲ့အစည်း(WTA) ကတော့ Peng Shuai ဟာ နိုင်ငံတော်ကနေ ဆင်ဆာဖြတ်တောက်ခံ ရမှာကို စိုးရိမ် မှုတွေ ရှိနေတုန်းပဲလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Lianhe Zaobao နဲ့ အင်တာဗျုး ဗီဒီယိုဖိုင်မှာ Peng Shuai က “ကျမကို ဘယ်သူကမှ လိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ ပြောလည်း မပြောခဲ့သလို ရေးလည်း မရေးသားခဲ့ပါဘူး။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း အလေးထားပြီး လုပ်ရပါမယ်” လို့ ပြောပါတယ်။
ဒါပေမယ့် နိုဝင်ဘာလက တရုတ်လှုမှုကွန်ယက်ဖြစ်တဲ့ Weibo မှာ တင်ခဲ့တဲ့ သူမရဲ့ မူရင်းမှတ်စုမှာ ဒုဝန်ကြီးချုပ်ဟောင်း Zhang Gaoli က သူနဲ့ လိင်ဆက်ဆံဖို့ အတင်းအကြပ် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။
Peng Shuai က “ဘယ်သူက ကျမကို စောင့်ကြည့်နေတာလဲ၊ ကျမ အမြဲတမ်း လွတ်လွတ်လပ်လပ် ရှိပါတယ်”လို့ ထပ်မံပြောခဲ့ပါတယ်။
ပုံ-တရုတ်တင်းနစ်မယ် Peng Shuai။ (The Guardian)
နိုဝင်ဘာလ ၂ ရက်နေ့က Peng Shuai ဟာ Weibo မှာ စကားလုံး ၁၆၀၀ ပါဝင်တဲ့ မှတ်စုကို တင်ခဲ့တာ ဖြစ်ပါတယ်။ Mr. Zhang ကို လိပ်မူထားတဲ့ ဒီစာမှာ သူတို့ ၂ ဦးဟာ အချစ်ရေး ဆက်ဆံရေးရှိပြီး လိင်ဆက်ဆံဖို့ အတင်းအကြပ် ခိုင်းစေခဲ့ တယ်လို့ပါ ပါတယ်။
“မင်းက ဘာလို့ပြန်လာပြီး ငါ့ကို ရှာဖွေတာလဲ၊ မင်းအိမ်ဆီကို ခေါ်သွားပြီး မင်းနဲ့ လိင်ဆက်ဆံဖို့ အတင်းအကြပ် လုပ်ခဲ့တာ ဆိုတဲ့” စာကြောင်း တစ်ကြောင်းကို ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ တရုတ်တင်းနစ်မယ်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး သူမရဲ့ လုံခြုံရေးအတွက် အားလုံးက စိုးရိမ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
WTA ကတော့ သူမရဲ့ ကနဦး ပြောဆိုထားတဲ့ ပြောဆိုမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှုကို ဦးဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ တရုတ်အစိုးရမီဒီယာက သူမရဲ့ ပုံတွေကိုတင်ပြီး သူမ အရာအားလုံး အဆင်ပြေတယ်လို့ WTA ထံကို ရေးသားထားတဲ့ စာကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီကလည်း သူမကို ဗီဒီယိုခေါ်ဆိုမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး သူမဟာ အန္တရယ်ကင်းပြီး နေကောင်း တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် WTA ဟာ တရုတ်မှာရှိတဲ့ သူမရဲ့ ပြိုင်ပွဲအားလုံးကို ဆိုင်းငံ့ခဲ့ပြီး IOC နဲ့ အခြား အားကစား အဖွဲ့ အစည်းတွေကို အရေးယူပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတော့ ဒီလိုလုပ်ဖို့ ငြင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
Source: BBC