CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က သူတို့ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီ ဒိုင်း ပွဲစဉ်က စွမ်းဆောင်ရည်ထက် ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ 

အာနီဆလော့က “ကျနော်တို့ဟာ ဒီပွဲမှာ အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပြီး မနှစ်က ရာသီမှာဆိုရင် ပဲလေ့စ် အသင်းကို ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပေမယ့် အခု ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်ကို ပြန်ကြည့်ရင် ကျနော်တို့ဟာ ဒီပွဲမှာ သွင်းဂိုး ၂ ဂိုးပေးခဲ့ရပြီး အေစီမီလန်၊ ဘီလ်ဘာအိုအသင်းနဲ့ ပွဲတွေမှာလည်း သွင်းဂိုး အများအပြား ခွင့်ပြုခဲ့ရပါတယ်။ ဒါက ကျနော်တို့ ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်နေတဲ့အရာပါ”လို့ TNT Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ကစားသမားသစ်တွေဖြစ်တဲ့ အီကီတိုက်နဲ့ ဖရင်ပေါင်တို့က ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် မာတီတာနဲ့ ဆားတို့က ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာ ကြောင့် ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ 

အာနီဆလော့ကို တွေ့ရစဉ်

အဲဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဂိုးသမား ဟန်ဒါဆန်ရဲ့ လက်စွမ်းပြမှုနဲ့ လီဗာပူးလ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကွန်မြူနတီဒိုင်း ရရှိခဲ့တာပါ။ 

လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က ကွန်မြူနတီဒိုင်း ရှုံးနိမ့်မှုဟာ သူတို့အတွက် စိတ်ပျက်စရာ ကောင်း တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် ဗန်ဒိုက်က သူတို့အတွက် လုပ်စရာတွေ အများကြီး ကျန်ရှိနေပြီး ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ် ကို ပိုပြီးကောင်းမွန်အောင် ကစားရမယ်လို့ လီဗာပူးလ်အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းဟာ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက် မနက်ပိုင်း မှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  

Source: Goal