CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ ဖခင်ဖြစ်သူ ကွယ်လွန်တဲ့ ၂၀၀၅ ခုနှစ် မတိုင်ခင်က ဆာအဲလက်စ်ဖာဂူဆန်နဲ့ပြောခဲ့တဲ့ ကြေကွဲဖွယ်ရာ စကားတွေကို ပြန်လည်ဖွင့်ချလိုက်ပါတယ်။

ရော်နယ်ဒိုဟာ (၂၀၀၃) က စပို့တင်းလစ္စဘွန်း အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် လက်အောက်မှာ ခြေစွမ်းတောက်ပ ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ လိဂ်ဖလား (၂)ကြိမ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလား တို့ကို ရယူ နိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ သူနဲ့နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်တို့ရဲ့ ဆက်ဆံရေးကို ပြောခဲ့ရာမှာ စကော့တလန်လူမျိုး နည်းပြရဲ့နွေးထွေးမှု၊ ကြင်နာမှုတွေကို ပြန်လည်သတိရခဲ့တာဖြစ်ပါတယ်။ အသက်(၁၈)နှစ်အရွယ်နဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာအသင်းမှာ ခြေစွမ်းပြကစားနေခဲ့ပေမယ့် (၂)နှစ်အကြာမှာ သူ့ရဲ့ဖခင်က ကွယ်လွန်သွားခဲ့တာပါ။ ရော်နယ်ဒိုက “ အဖေ ဆေးရုံတက်တဲ့နေ့ကို သတိရသွားမိပါတယ်။ ကျနော် လည်း စိတ်ထဲမှာ အလွန်ဝမ်းနည်းနေခဲ့ပြီး အဲဒီအချိန်မှာ ဖာဂူဆန်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက ခရစ်စတီယာနိုရေ ကိစ္စမရှိပါဘူး မင်းအဲဒီကို သွားပြီး (၂)ရက်(၃)ရက်လောက် နေလိုက်ပါလို့”ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက ထပ်ပြီး “အဲ့ဒီအချိန် ကျနော်တို့မှာ ခက်ခဲတဲ့ပွဲတွေရှိနေပြီး ကျနော်ကလည်း အဓိက ကစားသမား အဖြစ် ခြေစွမ်းပြသနေခဲ့ပါတယ်။ ဖာဂူဆန်က ငါ့တို့အတွက် အခက်အခဲတွေရှိနိုင်ပေမယ့် မင်းရဲ့အခြေအနေကို ငါနားလည်တယ်။ အဲတော့ မင်းအဖေကို သွားတွေ့ပါ။ ကျနော့် အတွက်တော့ ဒါက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် ဆုဖလားတွေ ရယူတာအပြင် အလွန်အရေးကြီးဆုံးအရာတွေပါပဲ။ ဘာဖြစ်လို့လဲဆိုရင်တော့ အစောကတည်းက ကျနော်ပြောခဲ့သလိုပဲ သူက အမြဲတမ်း ကျနော့်ကို ခွင့်ပြုခဲ့ပါတယ်။ ဒီလို အခိုက်အတန့်တွေကို ကျနော် တန်ဖိုး ထားရပါမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ကလည်း ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ဖြေရှင်းသွားခဲ့ပါတယ်။” ရော်နယ်ဒိုရဲ့ အခြေအနေမှာ သူ့အဖေနေမကောင်းမှန်းလည်း ကျနော်သိပါတယ်။ ဆေးရုံတက်နေတာလည်း သိပါတယ်။ ဒါဟာ သူ့အတွက် အလွန်အရေးပါပါတယ်။ ဒီအချိန်မှာ ဘောလုံးက အရေးမကြီးတော့ပါဘူး။ တချို့ အရာတွေက ဘောလုံးထက် ပိုပြီးကြီးမားတယ်ဆိုတာကို ခင်ဗျားတို့ နားလည်ရမှာပါ။ မိသားစုဆိုတာ သေချာ ပေါက် ဒီထဲမှာပါဝင်ပါတယ်။ ဒါကို မေးခွန်းတောင် ထုတ်နေစရာမလိုပါဘူး။ ခင်ဗျားရဲ့ မိသားစုအရေးထက် အသင်းကို ဘယ်တော့မှ ရှေ့တန်းမတင်သင့်ဘူးလို့” ပြောသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ပြောစကားကြောင့် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ချက် စတာယူနိုက်တက်အသင်းအတွက် (၁၈)ပွဲ ပါဝင်ကစားထားပြီး (၁၃)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

Source: metro