၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဝုလ်ဖ်ဘတ်အသင်းကို အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဂျာမနီဂန္တဝင်တိုက်စစ်မှူးဟောင်း ဂတ်မူလာရဲ့ (၄၉)နှစ်ကြာ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ (၂၀၂၁) ပြက္ခဒိန်တစ်နှစ်အတွင်း ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ (၄၃) ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဂတ်မူလာကတော့ (၁၉၇၂) ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ဘွန်ဒစ်လီဂါသွင်းဂိုး (၄၂) ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ဂတ်မူလာရဲ့ စံချိန်ကိုချိုးဖျက်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ပြက္ခဒိန် တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။ လီဝန်ဒေါစကီးဟာ အခုနှစ်ထဲ မှာပဲ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း ဂတ်မူလာရဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး စံချိန်ကိုလည်း ချိုးဖျက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါ နောက်ဆုံး ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းပြီး (၄၁)ဂိုးနဲ့ ဂျာမန်လိဂ် တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
လီဝန်ဒေါစကီးအနေနဲ့ အခုနှစ်အတွင်း ပိုလန်လက်ရွေးစင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၅၉)ပွဲ ပါဝင်ကစား ထားပြီး (၆၉)ဂိုး သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပိုလန် တိုက် စစ်မှူးဟာ အခုနှစ်အတွက် ဘောလွန်းဒီအော ဆုပေးပွဲမှာ မက်ဆီရဲ့ နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ဂိုးသွင်းနှုန်းတွေကို ဆက်ထိန်းထားပြီး စံချိန်မှတ်တမ်းတွေကို ရယူနေခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ဝုလ်ဖ်ဘတ်အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကို သော်မတ်စ်မူလာ၊ အူပါမီကာနို၊ ဆာနေးနဲ့ လီဝန်ဒေါစကီးတို့က (၁)ဂိုးစီ သွင်း ယူခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီ နိုင်ပွဲနဲ့အတူ ၂၀၂၁ ကို နှုတ်ဆက်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားမှာ လည်း ဒုတိယနေရာက ဒေါ့မွန်အသင်းကို (၉)မှတ်ဖြတ်ကာ ဦးဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဂျာမန်ဘွန်ဒစ် လီဂါဟာ ဆောင်းရာသီ အားလပ်ရက်အဖြစ် ကလပ်အသင်းတွေကို အနားပေးထားတာဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းဟာ ဇန်နဝါရီ(၈)ရက်မှ မိုချန်ဂလာဘတ်နဲ့ လိဂ်ပွဲစဉ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC