CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅

လီဝန်ဒေါစကီး ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ် က အတည်ပြုလိုက်ပါတယ်။

လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေခံနေရတာပါ။ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သူဟာ ဂျာမန်ကလပ်မှာ နောက်ထပ်တစ်ရာသီသာ ရှိတော့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ အသင်းအပါအဝင် အသင်းအချို့က လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါပေမယ့် လီဝန်ဒေါစကီး ဟာ ဘာစီလိုနာ အသင်းကို ဈေးနည်းနည်းနဲ့ ရောက်ရှိဖွယ်ရှိတဲ့ ဖြစ်နိုင်ခြေနဲ့ ပတ်သက် ပြီး မေးခဲ့ရာမှာ ဆာလီဟာမစ်ဇစ် က ပယ်ချခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက ယူရိုသန်း(၄၀)နဲ့ (၅၀)ကြား မှာ လီဝန်ဒေါစကီးကို ရောင်းမလားလို့ ကမ်းလှမ်းရင် မရောင်းဘူးလို့ပဲ ဖြေရမှာပါ။ သူနဲ့ အသင်းချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)အထိ ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။ လီဝန်ဒေါစကီး ဟာ ဒီရာသီ ဂျာမန်ကလပ်အတွက် (၄၃)ပွဲ ပါဝင်ကစားထားပြီး (၄၈)ဂိုးသွင်းယူထားတာပါ။

လီဝန်ဒေါစကီး ဟာ ဒေါ့မွန် ကနေရောက်ရှိလာတဲ့ (၂၀၁၄-၁၅)ရာသီကတည်းက ဘိုင်ယန်မြူးနစ် အသင်းအတွက် (၃၇၂)ပွဲ ပါဝင်ကစားထားပြီး (၃၄၂)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝန်ဒေါစကီး ကို စာချုပ်သက်တမ်းတိုးနိုင်အောင် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ စီစဉ်နေပြီး မကြာခင် သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။

ဆာလီဟာမစ်ဇစ် က “လီဝန်ဒေါစကီးကို အလွန်တန်ဖိုးထားပြီး ပရိသတ်တွေကလည်း သူ့ကို ချစ်မြတ်နိုး ကြပါတယ်။ သူဟာ အသင်းမှာ ဝင်ငွေအများဆုံးရတဲ့ ကစားသမားပါ။ ကျနော်တို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အလား အလာနဲ့ ငွေကြေးဘယ်လောက်ရှိတယ်ဆိုတာကိုလည်း ကြည့်ရှုဖို့လိုပါတယ်။ ကျနော် လီဝန်နဲ့ စကားပြောခဲ့သလို သူ့အေးဂျင့်နဲ့လည်း စကားပြောခဲ့ပါတယ်။ သူ့မှာ (၂၀၂၃)အထိ စာချုပ်ရှိပါတယ်။ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အချိန်တိုင်းရှိပါတယ်။ ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးရှိတဲ့အတွက် ဂုဏ်ယူရပါတယ်။ စာချုပ်သစ် အတွက် မညှိနှိုင်းရသေးပေမယ့် မကြာခင်မှာ ဒါကို လုပ်ဆောင်သွားပါမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source:TheSun