၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈
နိုင်ငံတကာအော်တိုမိုဘိုင်းအဖွဲ့ချုပ်(FIA) ရဲ့ ဥက္ကဋ္ဌသစ်ဖြစ်သူ ဆူလေယမ် က ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ဆုပေးပွဲ အခမ်းအနားကို မတက်ရောက်ခဲ့တဲ့ ဟာမီလ်တန်ဟာ အရေးယူခံရနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဟာမီလ်တန်နဲ့ မာစီဒီးစ်အသင်းရဲ့ အကြီးအကဲဖြစ်သူ တိုတိုဝေါ့ဖ်တို့ဟာ ပြီးခဲ့တဲ့အပတ်က အဘူဒါဘီ ဂရမ်းပရီ ပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို ဆန္ဒပြတဲ့အနေနဲ့ ဒီ ဆုပေးပွဲအခမ်းအနားကို မတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကားမောင်းသမား သုံးဉီးဟာ ဒီဆုပေးပွဲကို မဖြစ်မနေတက်ရောက်ရမယ်လို့ သတ်မှတ်ထားတာပါ။
ဆုပေးပွဲတက်ရောက်ခဲ့ခြင်းမရှိတဲ့ ဟာမီလ်တန်ဟာ အရေးယူခံရနိုင်ဖွယ်ရှိလားလို့ မေးမြန်းခဲ့ရာမှာ ဆူလေယမ် က “စည်းကမ်းဖောက်ဖျက်မှု တစုံတရာရှိခဲ့မယ်ဆိုရင် ဒါကို ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အမြဲ တမ်းရှိပေမယ့် စည်းကမ်းကတော့ စည်းကမ်းပါပဲ။ လူးဝစ်ဟာ အဖြစ်အပျက်တွေအတွက် တကယ်ကို ဝမ်းနည်း နေတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် စည်းကမ်းဖောက်ဖျက်မှု တခုခု ရှိမရှိဆိုတာတော့ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အဖြစ်မှန်ကို သေချာမသိဘဲနဲ့တော့ အဖြေကို မပေးချင်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။
မာစီဒီးစ် အသင်းအကြီးအကဲဖြစ်သူ တိုတိုဝေါဖ့် က ဟာမီလ်တန်ဟာ အဘူဒါဘီ အဖြစ်အပျက်အပြီးမှာ စိတ်ပျက် နေကြောင်း ပြောဆိုခဲ့ပြီး ဖော်မြူလာဝမ်းချန်ပီယံဆုကို (၇)ကြိမ်ရထားတဲ့ ကစားသမားဟာ လာမယ့်နှစ် ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ပါဝင်မလားဆိုတာ အာမမခံနိုင်ဘူးလို့လည်း ပြောထားခဲ့တာပါ။ အခုနှစ် ဖော်မြူလာ ဝမ်းပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီဂရမ်းပရီပြိုင်ပွဲမှာ ဗာစတန်ပန်ဟာ safety ကားကို အသုံးပြုပြီး နောက်ဆုံးပတ်လမ်းမှာ ဟာမီလ်တန်ကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
FIA ကတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဟာ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ပုံရိပ်ကို ညှိးနွမ်းစေခဲ့တယ်လို့ ဝန်ခံထားခဲ့တာပါ။ ဆူလေယမ်ကတော့ ဟာမီလ်တန်၊ မာစီဒီးစ်နဲ့ FIA တို့ဟာ လာမယ့် (၂၀၂၂) မှာ အသစ်ပြန်လည် စတင်နိုင်မယ်လို့ ယုံကြည်ကြောင်း ထပ်မံပြောခဲ့ပါတယ်။ ဆူလေယမ် က “အတိတ် ကို မေ့ပစ်နိုင်ဖို့ က ကျနော့် တာဝန်ပါပဲ။ ဒါပေမယ့် အဲဒါကို တိုးတက်မှုတခုအနေနဲ့ ကြည့်နေပါတယ်။ ကျနော်တို့က တက်ကြွနေရမယ်။ ကဏ္ဍတိုင်းကို တိုးတက်အောင်လုပ်ရပါမယ်။ ကားမောင်းသမားအနေနဲ့ ခဏတာ စိတ်မကောင်းဖြစ်မိပေမယ့် အချိန်က အေးမြစေမယ့်အချက်ဖြစ်တယ်လို့”ပြောခဲ့တာပါ။
အခုနှစ်ရာသီ ဖော်မြူလာဝမ်းချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဗာစတန်ပန်ကတော့ ကစားသမားဘဝ ပထမဆုံးအကြိမ် ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖော်မြူလာဝမ်းချန်ပီယံဆုကို ရယူနိုင်တဲ့ ပထမဆုံး နယ်သာလန် ကားမောင်းသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: BBC