CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမယ့် ကိုလံဘီယာ တိုက်စစ်မှူး ဒူရန်ရဲ့နေရာမှာ အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီကို အစားထိုးခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ရာသီသစ်မတိုင်မီ အသင်းရဲ့လူစာရင်းကို အားကောင်းအောင် ပြုလုပ်ချင်နေတဲ့ အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် အဆင်ပြေမှုမရှိခဲ့တာပါ။
အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကမှ အက်စတွန်ဗီလာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒူရန်ဟာ ဖီနာဘာချီအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်ထားတာပါ။
အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီကို ခန့်မှန်းခြေယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ပြီး အာဆင်နယ် အသင်းကို စမ်းသပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မာတင်နယ်လီကို ချက်ချင်း ထွက်ခွာခွင့်ပြုဖို့ ရည်ရွယ်ထားခြင်း မရှိပေမယ့် ဒီကမ်းလှမ်းမှု ပမာဏကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တံခါးဖွင့် ပေးနိုင်ဖွယ်ရှိနေတာပါ။
ဒူရန်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ် ကစားသမားတွေဖြစ်တဲ့ ရီးရယ်လ်အသင်းက ရိုဒရီဂိုနဲ့ နယူးကာဆယ် အသင်းက ဂေါ်ဒွန်တို့ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။
မာတင်နယ်လီကို ရောင်းချတာကနေ ရရှိလာမယ့် ပြောင်းရွှေ့ကြေးဟာ ဒီကစားသမား ၂ ဦးထဲက ၁ ဦးကို ခေါ်ယူနိုင်ဖို့ အထောက်အကူ ဖြစ်လာနိုင်တာပါ။
အယ်လ်နာဆာအသင်းဟာ ဝက်စ်ဟမ်းအသင်းက ကူဒက်စ်နဲ့ လေဗာကူဆင်အသင်းက ဘိုနီဖေ့စ်တို့ကို ခေါ်ယူနိုင် ဖို့လည်း စဉ်းစားနေပါတယ်။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှု မရရှိခဲ့တာကြောင့် ရာသီသစ်မှာ အောင်မြင်မှု ရယူနိုင်ဖို့ ထိပ်တန်းအဆင့် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
အယ်လ်နာဆာအသင်းဟာ အယ်လ်ဟီလယ်အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် ကိုင်တွယ်ပေး နိုင်ခဲ့တဲ့ ဂျော့ချ်ဂျီးဆပ်ကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
Source: Goal