CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄

ဒေါ့မွန်အသင်းက အင်္ဂလန်တောင်ပံ ကစားသမား ဂစ်တန်စ်ဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသက် ၂၀ နှစ်အရွယ်ရှိ ဂစ်တန်စ်ကို ပေါင် ၅၅ သန်းနဲ့ ၇ နှစ် စာချုပ်ချုပ်ဆိုမှာပါ။ 

ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အမေရိကန်နိုင်ငံမှာ ရှိနေ ကြတာဖြစ်ပြီး ကွာတားဖိုင်နယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ 

နှစ်သင်းစလုံးဟာ အမေရိကန်နိုင်ငံမှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ကာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အချက်အနည်းငယ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။ 

ဂစ်တန်စ်ဟာ ၂၀၂၀ ခုနှစ်က မန်စီးတီး လူငယ်အသင်းကနေ ဒေါ့မွန်လူငယ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲဦး ထွက်ခွင့်ရခဲ့တာပါ။ 

ဂစ်တန်စ်ဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ကာ မနှစ်က ရာသီမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

ဒေါ့မွန်အသင်းယှဉ်ပြိုင်နေစဉ်

ဂစ်တန်စ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ဆန်ချိုကို အပြီးသတ် မဝယ်ယူခဲ့တာကြောင့် ဘယ်တောင်ပံနေရာကို အားကောင်းအောင် ပြုလုပ်ဖို့ ရှာဖွေခဲ့ပြီး အခုအချိန်မှာ ဂစ်တန်စ်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဂစ်တန်စ်ဟာ ဒေါ့မွန်အသင်းအတွက် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနေတာကြောင့် ဒီပြိုင်ပွဲ ပြီးမှသာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားနိုင်မှာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အစ်စဝှစ်ချ်အသင်းက ဒီလပ်၊ ဘရိုက်တန်အသင်းက ပက်ဒရို၊ စပို့တင်းလစ္စဘွန်းအသင်းက အက်ဆူဂို၊ စထရာဘောင်းအသင်းက မာမာဒူဆားတို့ကိုလည်း ခေါ်ယူ အားဖြည့်ထားတာ ဖြစ်ပါတယ်။

Source: ESPN