CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄

လီဗာပူးလ်အသင်းဟာ ဇူလိုင် ၃ ရက်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာရဲ့ ကျောနံပါတ် ၂၀ ကို အနားပေးကြောင်း အတည်ပြုခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ ဂျိုတာနဲ့ အသက် ၂၆ နှစ် အရွယ်ရှိ ညီဖြစ်သူ အန်ဒရီတို့ စီးနင်းလာတဲ့ Lamborghini ကားဟာ စပိန်နိုင်ငံ၊ ဇာမိုရာမှာ ကားတစ်စီးကို ကျော်ဖြတ်ဖို့ ကြိုးစားရင်း ကားဘီးပေါက်ပြီး လမ်းချော်ကာ ကားမီး လောင်သွားခဲ့တာပါ။ 

အဲဒါကြောင့် ဂျိုတာတို့ ညီအစ်ကို နှစ်ဦးစလုံးဟာ ကားမတော်တဆမှုဖြစ်တဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ ကြတာ ဖြစ်ပါတယ်။ 

ဂျိုတာဟာ အသေးစား ခွဲစိတ်မှု ခံယူထားတာကြောင့် ဆရာဝန်တွေက သူ့ကို လေယာဉ်မစီးဖို့ အကြံပြုထားတဲ့ အတွက် လီဗာပူးလ်အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်ကို ပူးပေါင်းနိုင်အောင် သင်္ဘောဖယ်ရီစီးဖို့ သွားရောက်ခဲ့တာပါ။

ဒါပေမယ့် ဂျိုတာနဲ့ သူ့ရဲ့ညီဟာ ကံဆိုးပြီး ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။ 

ဂျိုတာဟာ သူသေဆုံးမယ့် ရက်မတိုင်မီ ပြီးခဲ့တဲ့ ၁၁ ရက်ကမှ သူ့ရဲ့ချစ်သူဖြစ်သူ ကာဒိုဆိုနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ ကလေး ၃ ဦး ပိုင်ဆိုင်ထားတာပါ။

 ဂျိုတာ လွမ်းသူပန်းခွေ ချထားကြစဉ်

ဂျိုတာ သေဆုံးမှုအတွက် လီဗာပူးလ်အသင်းအပြင် ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတွေ အများအပြားက ဝမ်းနည်း ကြောင်း ဖော်ပြခဲ့ကြပြီး လီဗာပူးလ်အသင်းဖော်တွေ၊ ပေါ်တူဂီအသင်းဖော်တွေနဲ့ ကစားသမား အများအပြား ကလည်း သူတို့ရဲ့ဝမ်းနည်းမှုတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

ပရိသတ်အများအပြားဟာ အန်ဖီးလ်ကွင်း အပြင်ဘက်မှာ လွမ်းသူပန်းခွေ၊ ပန်းစည်းတွေ၊ သူ့ရဲ့ဂျာစီတွေကို ထားပြီး ဂျိုတာအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြတာပါ။ 

လီဗာပူးလ်အသင်းကလည်း အသင်းမှာ ဂျိုတာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို ဘယ်သူ့ကိုမှ ပေးဝတ်မှာ မဟုတ်တော့ဘဲ ထာဝရအနားပေးခဲ့ပါတယ်။

ဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရီရဲ့ ဈာပန အခမ်းအနားကို စနေနေ့ကျရင် ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဂျိုတာဟာ ပါကို့စ်ဒီဖာရဲရားအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး အသလက်တီကို၊ ပေါ်တို၊ ဝုလ်ဗ်စ်နဲ့ လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့တာပါ။ 

ဂျိုတာဟာ ကလပ်အသင်းတွေအတွက် ပွဲပေါင်း ၃၉၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃၃ ဂိုးသွင်းယူခဲ့ကာ ဝုလ်ဗ်စ်အသင်းနဲ့ EFL ချန်ပီယံရှစ်ဖလား၊ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်၊ FA နဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ဂျိုတာဟာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ၄၉ ပွဲ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ နေးရှင်းလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: BBC