CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄
မိုနာကိုအသင်း ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်တဲ့ အခမ်းအနားမှာ ပေါ့ဘာက သူဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက် ပြန်ပါဝင်နိုင်ဖို့ မျှော်လင့်ထားပေမယ့် လုပ်ငန်းစဉ်တွေအတွက် အဆင့်တွေရှိတယ်လို့ ပြောခဲ့ပါတယ်။
ပေါ့ဘာက “ပြင်သစ် ဘောလုံးသမားတိုင်းရဲ့ ဆန္ဒက ပြင်သစ်လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုပါဝင်ဖို့ပါ။ ဒါပေမယ့်လည်း ပါဝင်ခွင့်ရဖို့ အဆင့်တွေရှိပါတယ်။ ဒီနေ့မှာတော့ ကျနော်ဟာ အဆင့်တစ်ဆင့်ကို ရောက်ရှိ နေပါပြီ။ ကျနော်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသပြီး ပြင်သစ်လက်ရွေးစင်အသင်းထဲ ပြန်ပါဝင်ခွင့်ရအောင် လုပ်မှာပါ”လို့ ပြောခဲ့တာပါ။
တားမြစ်ဆေးသုံးစွဲမှုကြောင့် ၁၈ လကြာ ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရတဲ့ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ပြင်သစ်လီဂူး-၁ ကလပ် မိုနာကိုအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင် အသင်းအတွက် ၉၁ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ပေါ့ဘာဟာ ၂၀၂၂ ခုနှစ်က နိုင်ငံအသင်းအတွက် နောက်ဆုံး ပါဝင်ကစားထားတာပါ။
ပေါ့ဘာကိုတွေ့ရစဉ်
ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ပြန်ပါဝင် ကစားပေးချင်တာကြောင့် ဆော်ဒီပရိုလိဂ်ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ မိုနာကို အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ သူ့ကို ယုံကြည်မှုရှိတဲ့ မိုနာကိုအသင်းကို ကျေးဇူးတင်ပြီး အသင်းအတွက် အကောင်းဆုံး ကြိုးစားပေး သွားမယ်လို့ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးချိန် ပြောခဲ့တာပါ။
မိုနာကိုအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါ့ဘာအပြင် စပါးနဲ့ ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူ ဟောင်း ဒိုင်ယာနဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူး အန်ဆုဖာတီကို အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Source: ESPN