CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကိုဗစ်ကူးစက်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး အသင်းဖြစ်လာတယ်လို့ ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။
ကစားသမားနဲ့ဝန်ထမ်းအများအပြားဟာ တနင်္လာနေ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ ကိုဗစ်ကူးစက်မှု တွေ့ရှိခဲ့တာ ကြောင့် လေ့ကျင့်ရေးကွင်းကနေ အိမ်ကိုပြန်ခဲ့ကြရပါတယ်။ အခုအချိန်မှာတော့ ရောဂါကူးစက်မှုတွေ ပိုမိုပျံ့နှံ့ လာမှာကို စိုးရိမ်မှုတွေရှိနေကြပြီး ကြားရက်မှာကစားမယ့် ဘရန်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ သံသယဝင်တဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။
စနေနေ့က နောဝစ်ချ်အသင်းနဲ့ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် တစ်သင်းလုံးဟာ နောက်ဆုံးပုံမှန် စစ်ဆေးမှုမှာတော့ ကိုဗစ်ကူးစက်မှု မရှိခဲ့ပါဘူး။ တနင်္ဂနွေနေ့က စစ်ဆေးခဲ့ရာမှာတော့ ကစားသမားနဲ့ဝန်ထမ်း တွေကြားမှာ ကိုဗစ်ကူးစက်မှု အနည်းငယ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ခံနေရတဲ့သူတွေကို အိမ်ပြန် စေခဲ့ပြီး ဒီအခြေအနေတွေကို ပရီးမီးယားလိဂ်ထံ အသိပေးခဲ့တာဖြစ်ပါတယ်။ ကစားသမားတချို့ဟာ တစ်ဦးချင်း၊ ဘယ်သူနဲ့မှ မထိတွေ့ဘဲ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားတာပါ။
ကိုဗစ်ကူးစက်မှု ခံခဲ့ရတဲ့ ကစားသမားတွေနဲ့ဝန်ထမ်းတွေဟာ နောက်တစ်ဆင့်အနေနဲ့ PCR စမ်းသပ်မှုရလဒ်တွေ ကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ကစားသမား ၉ ဦးနဲ့ ဝန်ထမ်းတွေဟာ စံချိန်တင် ကိုဗစ် ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရက်စတန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကို ဖျက်သိမ်းခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်း မတိုင်ခင် စပါး အသင်းကလည်း ကစားသမားနဲ့ အဖွဲ့ဝင် (၁၃) ဦး ကိုဗစ်ကူးစက်ခံရတာကြောင့် ရီးနတ်စ်နဲ့ကစားရမယ့် ယူရိုပါကွန်းဖရန့်စ်လိဂ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါ့အပြင် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ကြိုတင်ကာကွယ်မှုအနေနဲ့ ရွှေ့ဆိုင်းခဲ့တာပါ။
နောဝစ်ချ်အသင်းကလည်း ကစားသမားအများအပြား နာမကျန်းဖြစ်နေတဲ့အတွက် ကိုဗစ်စစ်ဆေးမှုရလဒ်ကို စောင့်မျှော်နေတယ်လို့ သောကြာနေ့က ပြောခဲ့ပေမယ့် ကစားသမားတွေမှာ ရောဂါပိုး ရှိ၊ မရှိကိုတော့ အတည်ပြု နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေမှာ ဒီလို ကိုဗစ်ကူးစက်မှုတွေ ပြန်လည်တွေ့ရှိနေတာ ကြောင့် တာဝန်ရှိသူတွေဟာ ကွင်းအတွင်း ပရိသတ်ဝင်ရောက်မှုကို ပြန်လည်ထိန်းချုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ပရိသတ်တွေ ဟာ ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။
Source: Goal