CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈

ကင်မရွန်းဂိုးသမား အိုနာနာဟာ ဆော်ဒီနိုင်ငံက ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့ရင်တောင် ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ထားတယ်လို့ ESPN က ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းမှာ ပုံမှန်လက်စွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အိုနာနာကို နွေရာသီမှာ ခေါ်ယူဖို့ ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ အသင်းကို ရာသီအစကနေ စတင်ကိုင်တွယ်ရမယ့် လာမယ့်ရာသီ မတိုင်ခင် လူစာရင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

ဂိုးသမား အိုနာနာဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်း ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေတာပါ။ 

ဒါပေမယ့် အိုနာနာကတော့ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

လာမယ့် နွေရာသီမှာ အသင်းရဲ့တတိယဂိုးသမား တွမ်ဟီတန်ဟာ ထွက်ခွာမှာဖြစ်သလို ဒုတိယဂိုးသမား ဘာယင်ဒါရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေတာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဂိုးသမားနေရာတွေကို အားဖြည့်ဖို့ ဂိုးသမားသစ်တွေကို ရှာဖွေမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာပါ။ 
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အဲရစ်ဆန်၊ လင်ဒီလော့ဖ်တို့ကို ထွက်ခွာခွင့် ပေးမှာဖြစ်သလို အငှားချထားတဲ့ ဆန်ချို၊ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကိုလည်း အပြီးသတ်ရောင်းချဖို့ စီစဉ်နေပါတယ်။ 

ဒါအပြင် ကတ်စီမီရိုနဲ့ ဟော့ဂျ်လန်းတို့ကိုလည်း ရောင်းချမယ့် စာရင်းထဲ ထည့်သွင်းထားတာပါ။

ယူနိုက်တက်အသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေ ရရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN