CNI Sport News

 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃

မန်ချက်စတာယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ကာရစ်ကတော့ အာဆင်နယ် အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရအပြီးမှာ မန်ချက်စတာကလပ်ကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပြောလိုက် ပါတယ်။

ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂ ပွဲနိုင် ၁ ပွဲ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားသမားဘဝ အဖြစ် ၁၂ နှစ်ကြာ ကစားခဲ့ပြီး နည်းပြအဖွဲ့ဝင်အဖြစ် ၃ နှစ်ကြာရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရက်ဂ်နစ်ကို ယာယီနည်းပြသစ်အဖြစ် အခုနှစ်ရာသီအကုန်ထိ ခန့်အပ် ခဲ့တာဖြစ်ပြီး ကာရစ်ကိုတော့ ၎င်းရဲ့နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကာရစ် ကတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

ကာရစ် က “အများကြီးစဉ်းစားခဲ့ပြီးတဲ့နောက်မှာ အခုအချိန်ဟာ ကျနော့်အတွက် မှန်ကန်တဲ့အချိန်ဖြစ်တာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ကစားသမားတွေကို ပြောပြဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် တခါတရံ မှာတော့ မှန်ကန်တဲ့အရာကို ပြုလုပ်ရပါမယ်။ သူတို့နဲ့ တွဲလုပ်ရတာ ကျနော်နှစ်သက်ပါတယ်။ သူတို့က အလွန် ကောင်းမွန်တဲ့ ကစားသမားတွေပါ”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကာရစ် က “ဆုံးဖြတ်ချက်ချရတာမလွယ်ကူပေမယ့် မှန်ကန်တယ်လို့ပဲ ကျနော်ခံစားရပါတယ်။ ဒါက ကျနော့်ရဲ့ ၁၀၀ ရာခိုင်နှုန်းဆုံးဖြတ်ချက်ပါပဲ။ ပြီးခဲ့တဲ့ အပတ်က ရောက်လာတဲ့ နည်းပြသစ်ကို ကျနော်လေးစား ပါတယ်။ ကလပ်နဲ့ နည်းပြသစ်အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာလို့ ကျနော်ထင်ပါတယ်။ ကျနော်ဟာ မန်ချက် စတာယူနိုက်တက်ရဲ့ ပရိသတ်ဖြစ်ပြီး လာကြည့်လို့ရတဲ့ ပွဲတွေကိုလာကြည့်ဦးမှာပါ။ နည်းပြသစ်နဲ့အတူ အသင်း လည်း အောင်မြင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်။ အသင်းထွက်ခွာတော့မယ်လို့ ကစားသမားတွေကို ပြော လိုက်တဲ့အချိန်မှာ သူတို့အနည်းငယ်တုန်လှုပ်သွားပြီး အံသြသွားခဲ့ကြတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒတ်စ် က ကာရစ်ဟာ အနာဂတ်မှာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ အက်ဖ်အေဖလားတို့ကို တစ်ကြိမ်စီရယူနိုင်ခဲ့ပြီး အခြား ဆုဖလားအများအပြားကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကာရစ်ဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ ပထမအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Source: BBC