၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃
ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ပြန်လည်စတင်ခဲ့ပြီးနောက် ကွင်းအတွင်း ပရိသတ်ဝင်ရောက် ကြည့်ရှုမှုတွေ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
ကန့်သတ်မှုတွေအရ ဘွန်ဒစ်လီဂါပွဲတွေမှာ ပရိသတ် ၅၀ ရာခိုင်နှုန်းနဲ့ အများဆုံး လူဦးရေ ၁၅၀၀၀ သာ ကွင်းအတွင်း ဝင် ရောက် ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်နဲ့ သူ့ရဲ့နေရာကို ဆက်ခံမယ့် ဝန်ကြီးချုပ်သစ်ဖြစ်မည့်သူ အိုလပ်ဗ်ရှောဇ့်(Olaf Scholz)တို့ ဟာ ဂျာမနီမှာရှိတဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေနဲ့ စီမံချက် အများအပြားကို ချမှတ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ပြင်ပနဲ့ မိုးလံလေလုံမှာ ကျင်းပတဲ့ အားကစားပွဲတွေမှာလည်း ပရိသတ် ဝင်ရောက် မှုကို လျှော့ချရမှာပါ။
ဂျာမနီရှိကွင်း အများအပြားဟာ အခုနှစ်ရာသီမှာ ပရိသတ်ကွင်းလုံးပြည့် ဝင်ရောက်အားပေးမှုကို ခွင့်ပြုထားတာလည်း ဖြစ်ပါ တယ်။ ပရိသတ်တွေဟာ အခုချမှတ်ထားတဲ့ စီမံချက်တွေအရ နှာခေါင်းစည်းတွေ တပ်ဆင်ရမှာဖြစ်ပြီး ရောဂါကူးစက်မှု မြင့် မားတဲ့ ပြည်နယ်တွေမှာဆိုရင် အားကစားပွဲတွေ ဖျက်သိမ်းရမယ်လို့ ဂျာမန်အစိုးရက ပြောပါတယ်။
ပုံ- ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်နဲ့ ဝန်ကြီးချုပ်သစ်ဖြစ်မည့်သူ အိုလပ်ဗ်ရှောဇ့်တို့ကိုတွေ့ရစဉ်။ (AP)
ဂျာမနီအာဏာပိုင်တွေဟာ ကိုဗစ်စတုတ္တလှိုင်း အန္တရယ်ကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ရောဂါကူးစက် မှု အသစ် ၇၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၈၈ ဦးအထိ ရှိခဲ့တယ်လို့ ကိုဗစ်နဲ့ပတ်သက်ပြီး ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေအရ သိရပါတယ်။
Saxony ပြည်နယ်ဟာ လောဒ့်ဒေါင်းချခံရတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်သွားတဲ့အတွက် မန်စီးတီးနဲ့ လိုက်ပ်ဇစ် အသင်းတို့ အခုလ (ဒီဇင်ဘာလ) ၇ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို တံခါးပိတ်ပြီးတော့ပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဂျာမန်ဘောလုံးလိဂ်(DFL)ရဲ့ အမှုဆောင်အရာရှိချုပ် ဆိုင်းဖာတ့်က "အားကစားကွင်းတွေမှာ ပရိသတ် အရေအတွက် ယာယီ ကန့်သတ်ချက်ကို နားလည်နိုင်ပါတယ်။ ဒီဆုံးဖြတ် ချက်ဟာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တွေရဲ့ ကပ်ရောဂါ အခြေအနေ တိုးတက်မှု ဆီကို ဦးတည်စေနိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတာကြောင့် ဥရောပဘောလုံးပွဲစဉ်တွေရဲ့ အချို့ပွဲတွေကို ကွင်းပိတ်ပြီး ကျင်းပတာနဲ့ ကြားကွင်းမှာ ကစားစေဖို့ ဆုံးဖြတ် ချက်တွေကို UEFA က ချမှတ်ထားပါတယ်။ ဂျာမနီကတော့ လက်ရှိအချိန်မှာ ကိုဗစ် မြင့်တက်လာတာကြောင့် ကွင်းအတွင်း ပရိသတ်ဝင်ရောက်မှုကို ကန့်သတ်မှုတွေ ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
Source: BBC