၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် ဘောလုံးသမိုင်းမှာ သွင်းဂိုး ၈၀၀ ပြည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီလို့ metro သတင်းက ဖော်ပြလိုက်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ဂိုးတွေကို ရော်နယ်ဒိုက ၂ ဂိုး၊ ဘရူနိုဖာနန်ဒတ်စ်က ၁ ဂိုး သွင်းယူခဲ့ပြီး အာဆင်နယ်အတွက် ၂ ဂိုးကို စမစ်ရိုဝီနဲ့ အိုဒီဂတ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမတိုင်ခင် ကစားသမားဘဝတလျှောက် နိုင်ငံနဲ့ကလပ်အသင်းအတွက် ၇၉၉ ဂိုးသွင်းယူထား တာပါ။ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာကြောင့် ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၈၀၁ ဂိုးအထိ ရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီ ဂိုးတွေကို ရီးရယ်လ်အသင်းမှာ ၄၅၀ ဂိုးနဲ့ အများဆုံး သွင်းယူထားတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၃၀ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ၁၁၅ ဂိုး၊ ဂျုဗင်တပ်စ်အသင်းမှာ ၁၀၁ ဂိုးနဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ ၅ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်တော့ နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကမှ မန်ချက်စတာယူနိုက်တက်အသင်းကို တကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒို ဟာ အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်ဆုံးနေတာကို အဆုံးသတ် နိုင်ခဲ့တာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ချက်စတာယူနိုက်တက်အတွက်လည်း အဖိုး တန်နိုင်ပွဲကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမား အဖြစ် သာ ပါဝင်ခဲ့ရလို့ စိတ်ပျက်နေတဲ့ ရော်နယ်ဒိုဟာ ဒီပွဲမှာ ပွဲစကတည်းက ပါဝင်ခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီ ရာသီမှာ ၁၆ ပွဲ ပါဝင် ကစားထားပြီး ၁၂ ဂိုးသွင်းယူထားတာပါ။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြသစ် ရက်ဂ်နစ် လည်း လာရောက်ကြည့်ရှုခဲ့ပြီး ရော်နယ်ဒိုကတော့ နည်းပြသစ်ကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ကြိုဆိုခဲ့တာလည်း ဖြစ်ပါ တယ်။

ဘရူနိုဖာနန်ဒတ်စ်က ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ”မယုံကြည်နိုင်အောင်ပါပဲ၊ သူဟာ တနှစ်ပြီးတနှစ် ပွဲတပွဲ ပြီးတပွဲ တိုးတက်နေတယ်ဆိုတာ ကျနော်တို့ အားလုံးသိပါတယ်။ သူဟာ အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ချင်သလို လုပ်လည်းလုပ်နေပါတယ်။ သူဟာ သူ့ကိုယ်သူ ဘယ်လိုလှုံ့ဆော်ရမလဲဆိုတာကိုလည်းသိတယ်”လို့ ပြောခဲ့ပါ တယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုတပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေစ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲကို ယာယီနည်းပြသစ် ရက်ဂ်နစ် က ကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။

Source: Metro, Goal