CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉

ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား အာမတ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

ဒီရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အာမတ်ဟာ အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးသွားမှာပါ။ 

အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြနေပြီး နည်းပြအာမိုရင်ရဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အာမတ်ကို ရာသီကုန်ချိန်မှာ တစ်နှစ်သက်တမ်း တိုးခွင့်ရှိပေမယ့် ကာလရှည် စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

အသက် ၂၂ နှစ်အရွယ်ရှိ အာမတ်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက် အသင်းအတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၈ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားတာပါ။

အာမတ်ကို တွေ့ရစဉ်

၂၀၂၀ ခုနှစ်က အတ္တလန်တာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အာမတ်ဟာ ယူနိုက်တက်အသင်း ကစားသမားဘဝ အစပိုင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ရိန်းဂျားစ်နဲ့ ဆန်းဒါးလန်းအသင်းတွေထံ အငှားချခံခဲ့ရပါတယ်။

အာမတ်ဟာ ဆန်းဒါးလန်းအသင်းမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့တာပါ။ 

အာမတ်ဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်တုန်းက ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲခဲ့ပေမယ့် ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းနဲ့ လက်ရှိနည်းပြ အာမိုရင်တို့ လက်ထက်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ 

အာမတ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၄၉ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက FA ဖလား ချန်ပီယံဆုကို ရရှိထားတာဖြစ်ပါတယ်။

Source: ESPN