၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုက မန်ချက်စတာယူနိုက်တက် အသင်းကသာ သူ့ကို ဆိုးလ်ရှားရဲ့နေရာမှာ အစား ထိုးခန့်အပ်ဖို့ ဆက်သွယ်လာခဲ့မယ်ဆိုရင် လာဖို့ အဆင်သင့် ဖြစ်နေပြီလို့ စပေါ့မေးလ်က ဖော်ပြလိုက်ပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ပြင်ဆင်နေ တာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆိုးလ်ရှားနေရာမှာ ကာရစ်ကို ယာယီနည်းပြအဖြစ် နည်းပြသစ် မခန့်အပ်ခင် အချိန်ထိ တာဝန် ပေးထားတာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ မန်ချက်စတာယူနိုက်တက် အသင်းဟာ နွေရာသီရောက်မှသာ နည်းပြသစ် ခန့်အပ်ဖွယ်ရှိတယ်လို့လည်း ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်ရွှင်တော့တာကြောင့် ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ပါ။ ပိုချက်တီနိုဟာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့လို အတ္တကြီးတဲ့ ကစားသမားတွေရဲ့ အဝတ်လဲခန်းကို စီမံခန့်ခွဲ ကိုင်တွယ် နေရတာကို စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။

ပုံ-ဆိုးလ်ရှားနဲ့ ပိုချက်တီနိုကိုတွေ့ရစဉ်။ (Eurosport )

ပိုချက်တီနိုဟာ မော်ရင်ဟိုရဲ့ နေရာမှာ ဆိုးလ်ရှားကို အစားထိုး မခန့်ခင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထဲက မန်ချက်စတာ ယူနိုက် တက် အသင်းနည်းပြဖြစ်လာဖို့ သတင်းကြီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တာဝန်ရှိ သူတွေဟာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

အေဂျက်စ် အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်ပေမယ့် သူ့ကိုလည်း နွေရာသီရောက်မှသာ ခေါ်ယူလို့ရမှာ ဖြစ်ပါတယ်။ လက်စတာ အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရီးရယ်လ် နည်းပြဟောင်း ဇီဒန်းနဲ့ လိုက်ပ်ဇစ် အသင်းနည်းပြဟောင်း ရက်ဂ်နစ်တို့ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်လာဖို့ ရေပန်းစားနေတဲ့ သူတွေဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၇ ပွဲအထိ အရေးနိမ့်ထားတာပါ။ ဆိုးလ်ရှား ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ၃ ရာသီကြာ ကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်း မရှိတာဖြစ်ပါတယ်။

နော်ဝေလူမျိုး နည်းပြဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ ၁ ကြိမ်သာ ဆုဖလားရယူပေးဖို့ နီးစပ်ခဲ့တာပါ။ ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ၁၆၈ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၉၁ ပွဲနိုင်၊ ၃၇ ပွဲသရေ၊ ပွဲ ၄၀ အရေးနိမ့်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း ၅၄ ဒသမ ၁၇ အထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Source:Dailymail.co.uk