CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂

လိုင်ယွန်နဲ့ မာဆေးလ် အသင်းတို့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မာဆေးလ် အသင်းကစားသမား ပါယက်ကို ပရိသတ် တစ်ဦးက ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့လို့ ပွဲအစ ၄ မိနစ်မှာပဲ ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ပါယက်ဟာ အိမ်ရှင်အသင်းရဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ရေသန့်ဗူးနဲ့ ပစ်ပေါက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပါယက်ဟာ ဒီလို ပစ်ပေါက်ခံခဲ့ရတာကြောင့် နာကျင်သွားတဲ့အတွက် လက် ၂ ဖက်နဲ့ ခေါင်း ကို ကိုင်ကာ ကွင်းထဲ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ပါယက်ဟာ ဆေးအဖွဲ့ရဲ့ ကုသမှုကိုခံယူခဲ့ရပြီး ခေါင်းကို ရေခဲကပ်တာတွေကိုပါ ပြုလုပ်ခဲ့ရပါတယ်။ ဒိုင်လူကြီးကတော့ ကစားပွဲကို အလျင်အမြန်ပဲ ရပ်နားခဲ့ပြီး ၂ သင်းလုံးကို အဝတ်လဲခန်းထဲကို သွားရောက်ဖို့ စေလွှတ်ခဲ့တာပါ။ ပွဲကို ၂ နာရီကြာ ရပ်နားထားပြီးနောက်မှာ ကစားသမားတွေရဲ့ လုံခြုံရေးပိုင်းကို အာမခံနိုင်ခြင်းမရှိတဲ့အတွက် ပွဲကို ပြန်လည် မစတော့ဘဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

လိုင်ယွန်အသင်းပိုင်ရှင် အော်လတ်စ်ကတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ကနဦး ဆုံးဖြတ်ခဲ့တာကြောင့် မာဆေးလ် ကစားသမားတွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

ပုံ-ရေသန့်ဗူးနဲ့ပစ်ပေါက်ခံရလို့ ပါယက် ရေခဲကပ်နေစဉ်။ (Reuters)

အော်လတ်စ်က “ပွဲကို ပြန်စမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာ မာဆေးလ် ကစားသမားတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိုင်လူကြီးက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ လုပ်ခဲ့ပါတယ်”လို့ Amazon Prime ကို ပြောခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကတော့ ပွဲကို ရပ်တန့်ဖို့သာ ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးဖြစ်သူ ဘူကွက်က “ကျနော့်ရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်က ပွဲကိုပြန်မစဖို့ပါပဲ။ ကျနော်ဟာ ပွဲကို ပြန်မစဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုပဲ ဆက်ထိန်းထားခဲ့တာပါ။ အားကစားကို အကြောင်းပြပြီး ပွဲကိုရပ်လိုက်ဖို့ပါပဲ။ ကျနော်က နောက်ဆုံး ဆုံးဖြတ်ချက်ချရတဲ့ သူပါလို့”ပြောခဲ့ပါတယ်။

ဒီရာသီ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲမှာ ပရိသတ် ဆိုးသွမ်းတာတွေကြောင့် ပွဲဖျက်ခဲ့ရတာတွေ ၊ ပွဲရပ်တန့်ရတာတွေ ရှိခဲ့ပါတယ်။ သြဂုတ်လက ကစားခဲ့တဲ့ မာဆေးလ်နဲ့ နိုက်စ် အသင်းတို့ ပွဲစဉ်မှာဆိုရင် ပရိသတ်တွေ ကွင်းထဲဝင်ရောက်လာခဲ့ပြီး ကစား သမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Source:Goal.com